ကရင်အမျိုးသား ရဲတပ်ဖွဲ့ ဖျက်သိမ်းပေး ဖို့ မြန်မာအစိုးရက KNU ကို ဖိအားပေး
ကရင်အမျိုးသားရဲတပ်ဖွဲ့ KNPF ကို ဖျက်သိမ်းပေးဖို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရက ကရင်အမျိုးသား အစည်းအရုံး (KNU)ကို ဖိအားပေးကြောင်း သိရသည်။
ဘိတ်/ထားဝယ်ခရိုင်၊ (KNU) တပ်မဟာ(၄) အနေဖြင့် ၎င်းတို့ လက်အောက်ခံ (KNPF) အဖွဲ့ကို စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၄ရက် နေ့စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးတင်သိန်းက လက်မှတ်ထိုးထားသည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရရဲ့ အမိန့်စာကို KNU ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်နှင့် KNU တပ်မဟာ(၄)မှူး ဗိုလ်မှူးချုပ်စောဒါးကျော်လု ထံသို့ ပေးပို့ပေးခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ အမိန့်စာထဲတွင် မြိတ်/ထားဝယ်ခရိုင်ရှိ KNPF တပ်ဖွဲ့ဝင်တို့သည် ဆိုင်းဘုတ်တင်၍ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တော စသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ဆောင် ရွက်နေခြင်းမှာ အစိုးရလက်အောက်ခံ ဌာနများနှင့် ထင်ယောင်ထင်မှား ဖြစ်စေနိုင်ကြောင်း၊ အစိုးရမှ ဖွဲ့စည်းထားသည့် ၀န်ကြီးဌာန၊ ဦးစီးဌာနများနည်းတူ ဖွဲ့စည်းခွင့် မရှိသဖြင့် KNPF ဖျက်သိမ်းပေးရေးနှင့် ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တောဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း မပြုရေးတို့ကို ထည့်သွင်းရေးသား ဖေါ်ပြထားသည်။
ထို့အပြင် ကရင်အမျိုးသားရဲတပ်ဖွဲ့ ဖွဲ့ခြင်းသည် ဒေသခံနဲ့ ပြည်တွင်း ပြည်ပ ခရီးသွားတွေကို အနှောက် အယှက်ဖြစ်စေနိုင်သည်ဟု အမိန့်စာထဲမှာ ရေးသားဖေါ်ပြထားသည်။
KNU ကတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ပေးပို့သည့် အမိန့်စာကို ပယ်ချလိုက်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရ ရဲတပ်ဖွဲ့မှ တာဝန်ရှိသလို KNU လည်း တာဝန်ရှိကြောင်း၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ ဖွဲ့ရခြင်းနှင့်ပတ်သက်ပြီး မသိနားမလည်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရကို နားလည်သဘောပေါက်အောင် KNPF ၏ လုပ်ဆောင်ချက်များကို ပြန်လည်ရှင်းပြပေးမည်ဟု ဆိုသည်။
ရာဇ၀တ်မှု ကျူးလွန်သူများ ဖမ်းဆီးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် သတ်မှတ်ထားသည့် ဥပဒေအတိုင်း ဆောင်ရွက်လျက်နိုင်ရေးအတွက် KNU ၏ ပြည်ထဲရေးနှင့် သာသနာရေးဌာန လက်အောက်ရှိ KNPF ကို ၁၉၉၁ ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး KNU ၏ ခရိုင်/တပ်မဟာ ၇ ခု အသီးသီးတွင် ထားရှိကြောင်း သိရသည်။

0 မှတ်ချက်များ for "ကရင်အမျိုးသား ရဲတပ်ဖွဲ့ ဖျက်သိမ်းပေး ဖို့ မြန်မာအစိုးရက KNU ကို ဖိအားပေး"