ကရာချိ အပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက်မှု သူတို့ လက်ချက်ဟု ပါကစ္စတန်တာလီဘန် ၀န်ခံ
ပါကစ္စတန်နိုင်ငံ မြို့တော် ကရာချိ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုက်ခိုက်သူ စစ်သွေးကြွ ၁၀ ယောက် အပါအဝင် လူ ၂၈ ယောက် ထက်မနည်း သေဆုံးရတဲ့ တိုက်ခိုက်မှု ကို ပါကစ္စတန် တာလီဘန်တွေက သူတို့ လက်ချက် လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ မနှစ်က သူတို့ခေါင်းဆောင် သေ ဆုံးခဲ့ရတဲ့ မောင်းသူမဲ့ လေယာဉ် Drone နဲ့ တိုက်ခိုက်မှုကို ပြန် လက်စားချေတာလို့ တာလီဘန်တို့ က ပြောပါတယ်။
ကရာချိ လေဆိပ်က ကုန်ပစ္စည်းတွေနဲ့ ကိုယ်ပိုင် လေယာဉ်တွေအတွက် အဓိက အသုံးပြုတဲ့ နေရာကို လက်နက်ကြီးတွေ ကိုင်ထားတဲ့ တာလီဘန်တွေက တနင်္ဂနွေန့ ညနေမှာ စတင် စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေဆိပ်လုံခြုံရေးဝန်ထမ်း ၀တ်စုံတွေကို အယောင်ဆောင် ၀တ်ဆင်ထားတဲ့ တာလီဘန်တွေဟာ ကုန်တင် ကုန်ချနဲ့ သီးခြား လေယာဉ်တွေအတွက် အဓိကအသုံးပြုတဲ့ နေရာဆီ ပစ်ခတ်ဝင်ရောက် ခဲ့ပြီးတဲ့နောက် တိုက်ပွဲဖြစ်ပြီး ရဲတပ်ဖွဲ့က သတ်လို့ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသေခံဖောက်ခွဲလို့ ပဲဖြစ်ဖြစ်သေဆုံး သွားခဲ့ ပါတယ်။

လေဆိပ်ဝန်ထမ်း လေးဦးအပါအ၀င် လုံခြုံရေးတပ်ဖွဲ့အ၀င် အများအပြား သေဆုံးခဲ့ပေမယ့် ခရီးသည် တယောက်မှ ထိခိုက်ဒဏ်ရာ ရခဲ့တာ မရှိပါဘူး။
အခုတော့ လေဆိပ်ကို ပြန်ဖွင့်လိုက်ပြီ ဖြစ်ပြီး ကရာချိ မြို့ကနေ အစ္စလာမ်မာဘတ်ကို ထွက်ခွာတဲ့ ပထမ ဆုံး လေယာဉ်လည်း ပျံသန်းခဲ့ပြီ ဖြစ်ပါတယ်။
လက်နက်အပြည့်အစုံကိုင်ထားတဲ့ တာလီဘန်တွေက ကရာချိမြို့၊ Jinnah
အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲက အ၀င်အထွက် နေရာဟောင်းတခုကို
ထိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေနဲ့ ငါးနာရီကြာ
တိုက်ပွဲဖြစ်ပြီး တနင်္လာနေ့ အစောပိုင်းကမှ ပြီးဆုံးခဲ့ပါတယ်။

0 မှတ်ချက်များ for "ကရာချိ အပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက်မှု သူတို့ လက်ချက်ဟု ပါကစ္စတန်တာလီဘန် ၀န်ခံ"