ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် သတ်မှတ်

ကျောက်တော်မြို့တွင် တည်ထားကိုးကွယ် လျက် ရှိသော မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွားတော်ကြီး စတင်သွန်းလောင်းနိုင်ခဲ့သည့် ကဆုန်လ လပြည့်
ကျော် ၁ ရက်နေ့ ( မေလ ၁၄ ရက်နေ့)ကို ရခိုင် အမျိုးသားနေ့အဖြစ် ခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံကနေ တညီ တညွတ် သတ်မှတ်လိုက်ကြသည်။

ရခိုင်ပြည်နယ်နေ့ သတ်မှတ်ရေး ကော်မတီမှ ရခိုင် အမျိုးသား ညီလာခံကျင်းပသောနေ့၊ ရခိုင်ဘုရင် မင်းစောမွန်မှ မြောက်ဦး နန်းမြို့ကို စတင်တည်ထောင်သောနေ့နှင့် ကျောက်တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော မဟာမြတ် မုနိဘုရားကြီး စတင်သွန်းလုပ်နေ့များကို မဲခွဲဆုံးဖြတ်ခဲ့ရာ မဟာမြတ် မုနိဘုရားကြီး စတင်သွန်းလုပ်နေ့က မဲအများဆုံးဖြင့် ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်သည့် ဒေါက်တာ အေးမောင်က ပြောသည်။
 
ဘုရင်မင်းစောမွန်က မြောက်ဦးနန်းမြို့ကို စတင်တည်တဲ့နေ့က ၁ မဲပဲရတယ်၊ အခု ရခိုင်အမျိုးသား ညီလာခံ ကျင်းပတဲ့ နေ့က ၄ မဲရတယ်၊ မဟာမြတ်မုနိ ဘုရားကြီး သွန်းလုပ်ပြီးစီးတဲ့နေ့က ၁၂ မဲနဲ့ အတည်ဖြစ်သွား တယ်၊ မဟာမြတ်မုနိ ဘုရားကြီး စတင်သွန်း လုပ်တဲ့နေ့က ရခိုင်သမိုင်းမှာဆိုရင် ဗုဒ္ဓဘာသာကို စတင်ပြန့်ပွား
စေခဲ့တဲ့နေ့ပဲ၊ အဲဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်အမျိုးသားနေ့လို့ ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက်နေ့အထိ ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်လိုက်တယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရခိုင်သမိုင်းတွင် ရခိုင်မင်းဆက်များ ပျက်သုဉ်းခဲ့ပြီး ဗမာမင်းဆက်တို့ လက်ထဲ ကျရောက်ရသည့် အကြောင်းအရင်း တခုတွင်လည်း မဟာမြတ်မုနိ ဘုရားကြီးကို မြန်မာဘုရင်တို့က လိုချင်သောကြောင့် စစ်ပွဲ များ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်တော်ရှိ မဟာမြတ်မုနိ ဘုရားကြီးသာမက မြန်မာနိုင်ငံအနှံ့ရှိ မုနိ ဘုရားများကို ဖူးမြော် ပူဇော်ပွဲရောက်လာတိုင်း ရခိုင်လူမျိုးများအနေဖြင့် ရခိုင်သမိုင်းနှင့် တမျိုးသားလုံး၏ ဂုဏ်ယူဖွယ်ရာတခုဟု ယုံမှတ်ခဲ့ကြကြောင်းလည်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

ကျောက်တော်ရှိ မဟာမြတ်မုနိ ဘုရားကြီးကို ကောဇာသက္ကရာဇ် ၁၂၃ ခုနှစ် ရခိုင်ခေတ် ၄ ခေတ်ထဲမှ အစောဆုံးခေတ်ဦး ဓည၀တီခေတ်တွင် ရခိုင်ဘုရင် စန္ဒာသူရိယမင်း လက်ထက်၌ သွန်းလုပ် ပူဇော် ခဲ့ကြောင်း သိရသည်။

ရခိုင်သမိုင်းတွင် ဓည၀တီခေတ်တွင် ခေတ် ၃ ခေတ်အထိ ရှိခဲ့ပြီးနောက် ဝေသာလီခေတ်သို့ ရောက်ရှိ ခဲ့ပြီး ဝေသာလီခေတ်ပြီး နောက် လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ အသီးသီးရှိခဲ့ကြောင်း၊ မြောက်ဦး
ခေတ်တွင်လည်း ပထမ၊ ဒုတိယ၊ တတိယ ဟူ၍ ရှိခဲ့ကြောင်း သိရသည်။

“အခုလို ဆရာတော်တို့ရဲ့ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာနဲ့ပတ်သက်ပြီး မြင့်မြတ်တဲ့နေ့ကို ကိုယ့်အမျိုးသားနေ့ အဖြစ် သတ်မှတ်လိုက်တာ အင်မတန် ဂုဏ်ယူဖို့ ကောင်းတယ်၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘုရားက တဆူတည်း ရှိတာ၊ ကိုယ် ကိုးကွယ်တာကို ရည်စူးပြီး အခုလိုလုပ်တော့ ရခိုင်သာမကဘူး၊ ကျန်တဲ့တိုင်းရင်းသား ဗုဒ္ဓဘာ သာတွေပါ ဂုဏ်ယူရမှာ”ဟု ရခိုင်တိုင်းရင်းသား တိပိဋကတ် ဆရာတော်အရှင် အိန္ဒာမာလက မိန့်ကြား သည်။

0 မှတ်ချက်များ for "ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် သတ်မှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++