ပျောက်ဆုံး MH370 လေယာဉ် - သေဆုံးစာရင်း ထုတ်ပြန်ဖို့ စတင်ပြင်ဆင်

ပျောက်ဆုံးနေတဲ့ MH370 လေယာဉ် ခရီးသည်တွေ အတွက် သေစာရင်း ထုတ်ပေးဖို့နဲ့ ကျန်ရစ်သူ မိသားစုအတွက် ဘဏ္ဍာရေး ထောက်ပံ့ဖို့ မလေးရှား အစိုးရ အကြီးတန်းအရာရှိတွေနဲ့ MH370 ပိုင်
လေကြောင်းလိုင်း အရာရှိတွေက ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ခရီးသည်အားလုံးကို တန်းတူ ဆက်ဆံမယ့် အကြောင်း၊ ဘဏ္ဍာရေးအထောက်အပံ့ ပမာဏကိုတော့ မဆုံးဖြတ်ရသေးကြောင်းနဲ့ သေစာရင်း ထုတ်ပေးဖို့ ကိစ္စကတော့ ဆက်လုပ်နေဆဲ ပဲလို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မလေးရှား ဒုနိုင်ငံခြားရေး ၀န်ကြီး ဟမ်ဇာဇိုင်နူဒင်က ပြောပါတယ်။

“ကြေညာရမယ့်ရက်ကို ကြည့်နေတယ်။ ဒီလိုမျိုး ကျနော်တို့ ကြေညာလိုက်တာနဲ့ တပြိုင်နက် တချို့ကိစ္စတွေကို တကယ် အတည်ပြုလိုက်ချင်တယ်။ သေချာတဲ့ သက်သေ ဒါမှမဟုတ် တခုခုပေါ့” လို့ သူက ဆက်ပြော ပါတယ်။

ခရီးသည် ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ မတ် ၈ ရက်နေ့က ကွာလာလမ်ပူလေဆိပ် ကနေ ပေကျင်းလေဆိပ်ကို သွားဖို့ ပျံတက်ပြီး ၁ နာရီလောက်အကြာမှာ ရေဒါစက်ကွင်းကနေ ပျောက်သွား ခဲ့တာ ဖြစ်ပါတယ်။
ပျောက်ဆုံးလေယာဉ်ကို စစ်လေယာဉ် ၁၁ စီး၊ သင်္ဘော ၁၂ စီနဲ့  ရှာနေတယ်လို့ ပူးတွဲရှာဖွေရေးစခန်းက ဧပြီ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
 လောလောဆယ်တော့ အချက်ပြမှု ၄ ခုထဲက ဧပြီ ၈ ရက်နေ့က ရခဲ့တဲ့ အချက်ပြမှုတခုဟာ ပျောက်ဆုံး
လေယာဉ်ရဲ့ သေတ္တာနက်မှတ်တမ်းက အချက်ပြမှုနဲ့ ဆင်တူနေလို့ အချက်ပြသံ ထွက်ပေါ်ရာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းမှာ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ရှာဖွေရေးအဖွဲ့တွေက ဝေဟင်ကရော ပင်လယ်ကြမ်းပြင်မှာပါ ရှာဖွေနေပြီး မောင်းသူမဲ့ ရေအောက် ရှာဖွေရေးယာဉ်နဲ့ ရှာဖွေမှုက ဒီတပတ်အတွင်း ပြီးဆုံးသင့်တယ်လို့ ဆိုပါတယ်။


ပျောက်ဆုံးနဲ့လေယာဉ်ရဲ့ အစအနတွေကို ခုချိန်ထိ  ရှာဖွေတွေ့ရှိမှု မရှိသေးပေမယ့် မိသားစုဝင်တွေကတော့ ရှင်သန်ကျန်ရစ်သူ ရှိမယ်လို့ မျှော်လင့်နေဆဲပါ။

0 မှတ်ချက်များ for "ပျောက်ဆုံး MH370 လေယာဉ် - သေဆုံးစာရင်း ထုတ်ပြန်ဖို့ စတင်ပြင်ဆင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++