အမေရိကန်အစိုးရ ပညာသင်ဆု သုံးမျိုးအတွက် လျှောက်လွှာများ စတင်လက်ခံနေပြီ

အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ဆု အပြည့်အဝနှင့် သွားရောက် သင်ကြားလိုသော
မြန်မာလူငယ်များအတွက် အမေရိကန်အစိုးရ က ငွေကြေး ထောက်ပံ့ပေးသော Fulbright Foreign Language Teaching Assistant (FLTA)၊ Fulbright Foreign Student Program နှင့် Hubert H. Humphrey Fellowship အစီအစဉ် လျှောက်လွှာများ စတင်လက်ခံပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

လျှောက်လွှာ အားလုံးကို လာမည့် ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးသို့
ပေးပို့ လျှောက်ထားရန် လိုအပ်ပြီး အစီအစဉ် တစ်ခုချင်းအလိုက် ပညာရေး ဆွေးနွေးပွဲ များကို ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ပညာသင်ဆု အစီအစဉ်များထဲက Fulbright Foreign Student Program သည် တက္ကသိုလ်ဘွဲ့ရတိုင်း သက်မှတ်ထားသော အရည်အချင်းများ ပြည့်မီလျှင် လျှောက်ထားနိုင်သော အစီအစဉ် ဖြစ်သော်လည်း Hubert H. Humphrey Fellowship သည် သက်ဆိုင်ရာ နယ်ပယ်တွင် လုပ်ငန်း အတွေ့အကြုံ ငါးနှစ်အနည်းဆုံး ရှိထားသူများသာ လျှောက်ထားရသော အစီအစဉ် ဖြစ်သည်။

Fulbright Foreign Language Teaching Assistant (FLTA) သည် မြန်မာနိုင်ငံရှိ အင်္ဂလိပ်ဘာသာ သင်ကြားနေသော ဆရာ၊ ဆရာမများကို သင်ကြားနည်းနှင့် အင်္ဂလိပ်ဘာသာ တိုးတက်ရေးအတွက် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး သင်တန်းကာလ ကိုးလ ကြာမြင့်ကြောင်း ယင်းသံရုံးက သိရသည်။

အမေရိကန် အစိုးရ ပညာသင်ဆုများ အကြောင်း ရှင်းလင်းမှုကို ရန်ကုန်မြို့ အမေရိကန် စင်တာတွင် မေလ ၁၂ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အဆိုပါ ပညာသင်ဆု အားလုံးသည် အမေရိကန် အစိုးရက နှစ်စဉ်ခေါ်ယူသော အစီအစဉ်များထဲမှ ၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် ကြိုတင်ခေါ်ယူသော ပညာသင်ဆုများ ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက http://burma.usembassy.gov/scholar ships.html နှင့် RangoonUSECA@state.gov တွင် ဝင်ရောက်ကြည့်ရှုပြီး ဆက်သွယ် မေးမြန်းနိုင်သည်။

0 မှတ်ချက်များ for "အမေရိကန်အစိုးရ ပညာသင်ဆု သုံးမျိုးအတွက် လျှောက်လွှာများ စတင်လက်ခံနေပြီ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++