လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ညီနောင် တိုင်းရင်းသားပါတီ ယှဉ်ပြိုင်မည်
ညီနောင်တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ဒီနှစ် ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေက လစ်လပ်မဲ ဆန္ဒနယ်အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ FUP ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာရှိတဲ့ FUP ပါတီရုံးချုပ်မှာကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း FUP ပါတီ ဒုတိယ ဥက္ကဌ ၂ ဦးစောသန်းမြင့်က ပြောပါတယ်။
"ရန်ကုန် ပြည်သူ့လွှတ်တော် ၄ နေရာနဲ့ မန္တလေးတိုင်း အောင်မြေသာဇံက တိုင်းဒေသလွှတ်တော်ပေါ့နော် မဲဆန္ဒ (၂) က ၁ နေရာ၊ ၅ နေရာကတော့ ဒီကနေ့မနက်ပိုင်းမှာ ဆုံးဖြတ်ထားပြီးသား ကျန်တဲ့ဟာကတော့ ကျနော်တို့ရဲ့ မိခင်ပါတီတွေက အားလုံးဝင်မှာလေ၊ လောလောဆယ်တော့ ဝင်မယ့်မြို့နယ်ပဲ အရင်လျာထားသေးတယ်ဗျ၊ လူကတော့ နောက်တစ်ကြိမ် အစည်းဝေးကျမှပဲ ညှိနှိုင်းရမယ်ထင်တယ်ဗျ၊ သင်္ကြန်ပြီးမှပဲ၊ အကြမ်းစာရင်းပဲ လုပ်ထားရသေးတယ်"
ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်မြေ ၄ မြို့နယ်ရှိပြီး ဒဂုံမြို့သစ်
တောင်ပိုင်း၊ အင်းစိန်၊ လသာနဲ့ ပန်းပဲတန်းမြို့နယ်တွေဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ တိုင်းဒေသကြီးလွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်မြေ ၂ နေရာရှိပြီး အောင်မြေသာဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) နဲ့ မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွေ ဖြစ်ပါတယ်။
FUP ပါတီကို ချင်းအမျိုးသားပါတီ၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီပေါင်း ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။__အာအက်ဖ်အေ

0 မှတ်ချက်များ for "လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ညီနောင် တိုင်းရင်းသားပါတီ ယှဉ်ပြိုင်မည်"