အာဏာရှင်နေ၀င်း စစ်ဗိုလ်ချုပ်ဟောင်း သန်းတင်ကို ပါတီဥက္ကဌအဖြစ် တစည ခန့်အပ်
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည)က အာဏာရှင် ဦးနေ၀င်ရဲ့ စစ်ဗိုလ်ချုပ်ဟောင်း သန်းတင် ကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ် လိုက်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ဟာ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့
မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံခဲ့တဲ့
တိုင်းရင်းသား အမည်ခံ ပါတီဖြစ်ပါတယ်။
တစညပါတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ သည် ဧပြီ ၄ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး ၎င်းရဲ့
နေရာမှာ ပါတီအထွေထွေအတွင်းရေးမှူးး ဦးသန်းတင်ကို ဧပြီ ၃၀ ရက်နေ့ တွေ့ဆုံဆွေးနွေးမှာ ဗဟိုအလုပ် မှုဆောင်ကော်မတီအဖွဲ့ဝင်တွေက တညီတညွတ်တည်း ရွေးချယ်ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ကျနော်တို့ ခေါင်းဆောင်တွေအနေနဲ့တော့ သမိုင်းကြောင်းရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ကျနော်တို့
နိုင်ငံရဲ့ သမိုင်းမှာ ရှိခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှား မှုတွေမှာ သမိုင်းရှိရှိနဲ့ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီကနေ့အထိပဲ လူငယ်တွေကို သူတို့အတွေ့အကြုံ သူတို့ရဲ့ သွန်သင်ဆုံးမှုတွေနဲ့ ဦးဆောင်မှုတွေနဲ့ တောက်လျှောက်တာဝန်ယူ လုပ်လာခဲ့တဲ့အတွက် ဦးသန်းတင်ကို ပါတီဥက္ကဋ္ဌအဖြစ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ကနေပြီးတော့ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။ အခုလို ခေါင်းဆောင်အပြောင်းအလဲနဲ့ ပတ်သက်လို့ ကျနော်တို့ ပါတီမှာ ထူးခြားတဲ့ အခြေအနေ ဖြစ်ဖို့ မရှိပါဘူး။ ဦးသန်းတင်ဟာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်ပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့ကလည်းပဲ တပ်မတော်သား အငြိမ်းစား ဆိုပေမယ့်လည်း ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာရှိခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ နိုင်ငံရေးအရ လှုပ်ရှား ရာကနေ တပ်မတော်သားဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါကြောင့်မို့လို့ သူခေါင်းဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” တစညဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြောရေးဆိုးခွင့်ရှိတဲ့ ဗိုလ်မှူးကြီးဟောင်း ဦးဟန်ရွှေက ပြောပါတယ်။
အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းတင်ဟာ မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဦးနေ၀င်း ခေါင်းဆောင်တဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာလည်း ဗဟို အလုပ်မှုဆောင်ကော်မတီဝင်အဖြစ်နဲ့ သတ္တုတွင်းဝန်ကြီး၊ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံတော်ကောင်စီဝင်အဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဦးသန်းတင်သည် ၁၉၈၈ အရေးအခင်းအပြီး တစညပါတီ စတင်တည်ထောင်ချိန်မှာ တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ပြီး တစည ပါတီ ဥက္ကဌ ဦးသာကျော်၊ ဥက္ကဌ ဦးထွန်းရီတို့ ပြီးရင် တတိယမြောက်ပါတီ ဥက္ကဋ္ဌဖြစ်လာတဲ့သူ ဖြစ်ပါတယ်။
လတ်တလော ပါတီအထွေထွေအတွင်းရေးမှူးးက ဥက္ကဋ္ဌ တာဝန်ယူလိုက်တဲ့အတွက် လစ်လပ်နေတဲ့ အထွေထွေအတွင်းရေးမှူးနေရာနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးနေရာအတွက် ပါတီက ထပ်မံရွေးချယ် သွားဖို့ ရှိနေပါတယ်။
အခုနှစ်ကုန်ပိုင်း ပွင့်လင်းရာသီမှာ ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၁၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တစညပါတီဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ပြိုင်ဘက် ပါတီ
ဖြစ်ခဲ့ပေမယ့် ၁၀ နေရာ အနိုင်ရကာ အန်အယ်လ်ဒီပါတီကို အရေးနိမ့်ခဲ့ပါတယ်။

0 မှတ်ချက်များ for "အာဏာရှင်နေ၀င်း စစ်ဗိုလ်ချုပ်ဟောင်း သန်းတင်ကို ပါတီဥက္ကဌအဖြစ် တစည ခန့်အပ်"