အရှေ့ပိုင်း လေတပ်စခန်း ယူကရိန်းတပ်တွေက ပြန်ထိန်းချုပ်

ယူကရိန်းတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းက Kramatorsk ခရာမတော့စ် အရပ်မှာရှိတဲ့ လေတပ် စစ်စခန်းကို ပြန်ထိန်းချုပ်နိုင်လိုက်ပြီလို့ ယူကရိန်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

အဲဒီလေတပ်စခန်းကို ထိန်းချုပ်ထားခဲ့တဲ့ ရုရှ အစိုးရကို လိုလားတဲ့ ခွဲထွက်ရေးသမားတွေကို တိုက်ခိုက် ခဲ့ပြီးတဲ့နောက် အခုလို ပြန်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ လေတပ်စခန်းကို ယူကရိန်းတပ်သားတွေ သယ်ဆောင်လာတဲ့ ရဟတ်ယဉ် ၂စင်း ဆင်းသက် ခဲ့ပါတယ်။

စခန်းရဲ့ အပြင်ဘက်မှာတော့ ရာဂဏန်း လောက်ရှိတဲ့၊ ရုရှားလိုလားသူတွေဟာ ဓါတ်ဆီထည့်ထားတဲ့ လက်လုပ်ဗုံးတွေ ကိုင်ဆောင်ရင်း၊ ဝန်းရံ ထားကြပါတယ်။

ဒီ လေတပ်စခန်းဟာ Sloviansk မြို့ ရဲ့ တောင်ဘက်မှာ ရှိတာဖြစ်ပြီး Sloviansk မြို့ ရဲ့ မြောက်ဘက် ကီလိုမီတာ ၄၀ လောက် အကွာမှာ၊ ယူကရိန်း သံချပ်ကာကားတွေ စုရုံးနေကြပါတယ်။

ဘီဘီစီ ကာကွယ်ရေးနဲ့ သံတမန်ရေးရာ သတင်းထောက် ဂျိုနသန်မာကပ်စ် ကတော့ အခုအချိန်ဟာ ယူကရိန်းအကျပ်အတည်းရဲ့ အန္တရာယ်အရှိဆုံးလို့ ပြောနိုင်တဲ့ အချိန်ကို ရောက်နေပြီလို့ ပြောပါတယ်။

ယူကရိန်းအစိုးရရဲ့ အကြမ်းဖက်သမား တိုက်ထုတ်ရေး စစ်ဆင်မှုစခဲ့တာနဲ့ ပတ်သက်လို့ ရုရှား ဝန်ကြီးချုပ်က ပြည်တွင်းစစ်ဖြစ်လုနီးပြီလို့ သတိပေး ခဲ့ပါတယ်။

ရုရှားတို့ကတော့ သူတို့ကိုယ်သူတို့ ယူကရိန်းအရှေ့ပိုင်းက ရုရှားစကားပြောဒေသခံတွေအတွက် ကယ်တင်ရှင်လို့ မြင်နေပုံဘဲလို့ ဂျိုနသန်မားကပ်စ်က သုံးသပ်ပါတယ်။

ယူကရိန်းအကြီးစားစက်မှုလုပ်ငန်းကြီးတွေ တည်ရှိရာ အချက်အခြာ ဒေသဖြစ်တဲ့ ယူကရိန်း အရှေ့ပိုင်းပြည်နယ်တွေက မြို့ အတော်များများမှာ အစိုးရ အဆောက် အအုံတွေကို ခွဲထွက်ရေးသမားတွေက ဝင်းစီးထားကြ ပါတယ်။

ဒါကြောင့် ယူကရိန်းအစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင် ရွက်နိုင်အောင် အခုလိုစစ်ဆင်ရေးနဲ့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူကရိန်းနယ်စပ်တလျှောက် ထောင်နဲ့ချီတဲ့ ရုရှ တပ်ဖွဲ့ ဝင်တွေ ဖြန့်ချထားတယ်ဆိုတဲ့ သတင်းကြောင့်လဲ အခုလို ခွဲထွက်ရေးသမားတွေကို တိုက်ခိုက်တာကြောင့် ရုရှားတို့ ဝင်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

အခု ဒီလို ယူကရိန်းအစိုးရရဲ့ စစ်ဆင်တုန့်ပြန်မှုကို ရုရှတို့အနေနဲ့ သူတို့ စစ်ရေးအရ ဝင်စွက်နိုင်ဖို့အတွက် အကြောင်းပြချက်တခု ဖြစ်လာမလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်လို့ ဘီဘီစီ ကာကွယ်ရေးနဲ့ သံတမန်ရေးရာ သတင်းထောက် ဂျိုနသန်မာကပ်စ်က သုံးသပ်ပါတယ်။____ဘီဘီစီ

0 မှတ်ချက်များ for "အရှေ့ပိုင်း လေတပ်စခန်း ယူကရိန်းတပ်တွေက ပြန်ထိန်းချုပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++