နစ်မြုပ်သွားတဲ့ ကိုရီးယား သင်္ဘောထဲက ၁၂၉ လောင်း တွေ့ရှိပြီလို့ ဆို

တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်က နစ်မြုပ်နေတဲ့ သင်္ဘောထဲက အလောင်းတွေကို ဧပြီ ၂၃ ရက် ဒီနေ့မှာ ထပ်တွေ့ခဲ့လို့ သေဆုံးသူ အရေ အတွက်က ၁၂၉ ယောက် ရှိသွားပြီး ဖြစ်ပါတယ်။

ကျောင်းသားတွေ အိပ်ခန်းအဖြစ် သုံးတဲ့ သင်္ဘော အစိတ်အပိုင်းထဲကနေ အလောင်းတွေ တွေ့ခဲ့တာ လို့ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်အရာရှိ ကိုမြောင်ဆခ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကယ်ဆယ်ရေးအတွက် ခြေထောက် အများကြီးနဲ့ အသံလှိုင်းသုံး ရုပ်ပုံဖော် ကိရိယာ တပ်ဆင်ထားတဲ့ စက်ရုပ်ကို သုံးဖို့ စီစဉ်နေပြီး ကယ်ဆယ်ရေးလုပ်ဖို့ တတ်နိုင်သမျှနည်းလမ်းနဲ့ ပစ္စည်းကိရိယာအမျိုးမျိုးကို သုံးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ကယ်ဆယ်ရေးလို့ ခေါင်းစဉ်တပ်ထားပေမယ့် ရှင်သန်ကျန်ရစ်သူကို တွေ့မယ့်ပုံတော့ မရှိတော့ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဆိုးလ်မြို့တော်နားက အင်ချုံဆိပ်ကမ်းကနေ တောင်ဘက် ဂျဲဂျုကျွန်းကို ခရီးထွက်လာတဲ့ ခရီးသည်နဲ့ ၀န်ထမ်း ၄၇၆ ယောက်ကို တင်ဆောင်လာတဲ့ သင်္ဘောပေါ်မှာ ၃၃၉ ယောက်ကတော့ အထက်တန်းကျောင်းသားတွေ နဲ့ ဆရာတွေ ဖြစ်ပါတယ်။

၁၇၆ ယောက်ကိုသာ အသက်ရှင်လျက် ကယ်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေ အားလုံးကတော့ ရေနစ်ခဲ့ပြီလို့ ယူဆ ရပါတယ်။

အလောင်း ရှာမတွေ့သေးတဲ့ ပျောက်ဆုံးခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ ဂျင်းဒို ဆိပ်ကမ်းမြို့မှာ သတင်းထူးကို စောင့်နေကြတာ ဖြစ်ပါတယ်။

သူတို့အတွက် တန်နဲ့ချီတဲ့ ပစည်းတွေကို တောင်ကိုရီးယားနိုင်ငံတလွှားက ပြည်သူတွေက လှူဒါန်းခဲ့ကြ ပါတယ်။___ဒီဗွီဘီ

0 မှတ်ချက်များ for "နစ်မြုပ်သွားတဲ့ ကိုရီးယား သင်္ဘောထဲက ၁၂၉ လောင်း တွေ့ရှိပြီလို့ ဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++