နိုင်ငံရေးဆွေးနွေးပွဲ အတွက်လိုအပ်တဲ့ အခြေခံမူကြမ်း UNAနဲ့ UNFC ပူးပေါင်းရေးဆွဲ

UNA နှင့် UNFC  တွေ့ဆုံစဉ် (Photo:SNLD)
အစိုးရအဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့  ပူးပေါင်း ရေးဆွဲ လျက် ရှိကြောင်း သိရှိရသည်။

“အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကိုယ့်လက် ထဲမှာ အသင့်ရှိနေဖို့အတွက်ပါ။ ကြိုတင်ပြင် ဆင်မှု ပေါ့။ မပြီးသေးဘူး။ ဆက်ရေးနေတုန်းဘဲ” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည်။

UNA နှင့် UNFC တို့ အစိုးရနှင့် နိုင်ငံရေး ပူးပေါင်းဆွေးနွေးရန် သဘောတူထားသော်လည်း ပြည်သူ လူထု အား အသိပေး၊ လူထုဆန္ဒ ကောက်ခံရယူပြီးမှသာ ဆွေးနွေးမည်ဟု စိုင်းညွှန့်လွင်က ပြောသည်။

UNA အဖွဲ့မှ ခွန်ထွန်းဦး၊ နိုင်ငွေသိန်း၊ ဦးအေးသာအောင်၊ စိုင်းညွှန့်လွင်၊ စိုင်းဖိုးအောင်တို့ ဦးဆောင် သော အဖွဲ့နှင့် ခွန်ဥက္ကာ၊ နိုင်ဟံသာ၊ ဆွေမျိုးသန့်၊ ဦးထွန်းဇော်၊ အားခေါန်တို့ ဦးဆောင်သည့် UNFC မှအဖွဲ့တို့ ယမန် နေ့(မတ်ခ်ျလ ၁၂ ရက်က) ရန်ကုန်မြို့ ပြည်လမ်း ကိုးမိုင်ရှိ ခွန်ထွန်းဦး၏ နေအိမ်၌ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံကြစဉ် UNFC ဖက်မှ လိုင်ဇာဆွေးနွေးပွဲအကြောင်း၊ လော်ခီးလာဆွေးနွေးပွဲအကြောင်း၊ ချင်းမိုင်နှင့် ရန်ကုန် MPC ဆွေးနွေးခဲ့မှုများကို ပြန်လည်ရှင်းလင်းပြောပြသည်ဟု ဆိုပါသည်။__သျှမ်းသံတော်ဆင့်

0 မှတ်ချက်များ for "နိုင်ငံရေးဆွေးနွေးပွဲ အတွက်လိုအပ်တဲ့ အခြေခံမူကြမ်း UNAနဲ့ UNFC ပူးပေါင်းရေးဆွဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++