လူမျိုးစုလူဦးရေ စာရင်းအမှန်ရရှိဖို့ တိုင်းရင်းသား ကိုယ်တိုင် သီးခြားကောက်မည်

တပြည်လုံးသန်းခေါင်စာရင်း စတင်ကောက်ယူဖို့ ရှိနေ စဉ်မှာ တိုင်းရင်းသား လူဦးရေစာရင်း အမှန်ရရှိရေးအတွက် ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ ကိုးကန့်၊ အင်းသားနဲ့ ဓနု အစရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ကိုယ်တိုင် ကိုယ့်ဒေသနဲ့ကိုယ် တာဝန်ယူ ကောက်ခံသွားဖို့ ရှိနေပါတယ်။

ဒီအစီအစဉ်ဟာ အစိုးရရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူမှုနဲ့ မပတ်သက်ဘဲ မိမိပြည်နယ်အတွက် သီးခြားကောက်ယူတာ ဖြစ်ကြောင်း၊ ခုလို လူဦးရေ စာရင်း ကောက်ယူရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တိုင်းရင်းသားများ လူဦးရေ စာရင်းမှန်ရရေး ကော်မတီဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

တိုင်းရင်းသားလူမျိုးတွေအနေနဲ့ မိမိခံယူတဲ့ လူမျိုးအတိုင်း လွတ်လပ်စွာ ပြောဆိုနိုင်ပြီး ပြောဆိုတဲ့ အတိုင်း ကောက်ယူမှာဖြစ်တဲ့အတွက် အခက်အခဲ မရှိနိုင်ကြောင်း၊ အခြား လက်နက် ကိုင်တိုင်းရင်းသား အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်အဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ တိုင်းရင်းသား လူဦးရေစာရင်းတွေပါ အကုန် ရယူနိုင်အောင် စည်းရုံး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

လူဦးရေစာရင်းနဲ့အတူ မှတ်ပုံတင်အထောက်အထားမရှိတဲ့ တိုင်းရင်းသားတွေရဲ့ စာရင်းပါ တပါတည်း
ကောက်ယူပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေပါ ရရှိနိုင်အောင် တိုင်းရင်းသားလွှတ်တော်အမတ်တွေ အနေနဲ့လည်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ရှမ်းတိုင်းရင်း သားလူဦးရေစာရင်းကောက်ယူရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဦးစိုင်းသန်းမောင်က ပြောပါတယ်။

ဒီအစီအစဉ်အတွက် ကျပ်သိန်းပေါင်း ၂ ထောင်လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး စီးပွားရေးလုပ်ငန်း ရှင်တွေ၊ လူမှုအဖွဲ့အစည်းနဲ့ တသီးပုဂ္ဂလိကအလှူရှင်တွေက စေတနာအလျောက် ထည့်ဝင်ကူညီကြတဲ့ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၂၀၀ ကောက်ခံ ရရှိပြီလို့ သိရပါတယ်။

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ လူဦးရေစာရင်းအမှန်ရရေးကော်မတီကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၂ ရက်နေ့ မှာ လွှတ်တော်အမတ်တွေ၊ စာပေပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်
တွေအနေနဲ့ ရှမ်းပြည်နယ်မြို့နယ်ပေါင်း ၈၄ မြို့နယ်က တမြို့နယ်ကို ကိုယ်စားလှယ် ၁၀ ဦးစီ ပါဝင်ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "လူမျိုးစုလူဦးရေ စာရင်းအမှန်ရရှိဖို့ တိုင်းရင်းသား ကိုယ်တိုင် သီးခြားကောက်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++