Nanotechnology အကြောင်း တစေ့တစောင်း
၂၁ ရာစု ကမ္ဘာ့ နည်းပညာ လောကမှာ နျူကလီး ယား နည်းပညာနဲ့ အပြိုင် နာမည် ကြီးလာတဲ့ နည်းပညာ ဆန်း တစ်ခုကတော့ နာနို နည်းပညာ (Nanotechnology) ပဲဖြစ်ပါတယ်။
ဒီနည်းပညာရပ် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ် သက်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေဟာ အပြိုင် အဆိုင် ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်လာကြ ပါတယ်။

Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနို နည်းပညာဟာ စက်မှု တော်လှန်ရေး လှိုင်းလုံးတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းပြောဆို ခဲ့ပါတယ်။
နာနို နည်းပညာ ဆိုရာဝယ် နာနို နည်းပညာ ဆိုတာ အလွန် သေးငယ်တဲ့ အရာဝတ္ထုများ ဆိုင်ရာ နည်း ပညာ ဖြစ်ပါတယ်။ ၁ နာနိုမီတာဟာ အက်တမ် ငါးခုရဲ့အကျယ်အဝန်း ခန့်သာ ရှိပြီး 10-9m နဲ့ ညီမျှပါတယ်။ DNA Strand တစ်ခုဟာ ၂ နာနိုမီတာ ရှိပြီး သွေးနီဥ ဆဲလ်ရဲ့အကျယ်အဝန်းဟာ ၇ဝဝဝ နာနိုမီတာ ရှိပါတယ်။ လူ့ဆံပင်ရဲ့ ဆံချည်မျှင်ဟာ ၈ သိန်း နာနိုမီတာနဲ့ ညီမျှပြီး ပုရွက်ဆိတ် တစ်ကောင်ရဲ့အရွယ်အစားဟာ နာနို မီတာ ၅ သန်းနဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတွေ အားလုံးဟာ အက်တမ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နာနို နည်းပညာကို သုံးပြီး အက်တမ် လေးတွေနဲ့ အရာဝတ္ထု တွေကို ဖွဲ့စည်း တည်ဆောက်လို့ ရပါတယ်။
နာနို နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများ နာနို အရွယ်အစား ရိုဘော့တွေ ဖြစ်တဲ့ နာနို ဘော့တွေကို တည်ဆောက် လာနိုင်ခဲ့ရင် လူ့လောက အတွက် အကျိုးကျေးဇူး ရှိစေမယ် လို့လဲ သိပ္ပံပညာရှင် တွေက ခန့်မှန်းသတ်မှတ် ထားကြပါတယ်။ ဥပမာ-မော်လီကျူး အနည်းငယ်သာ ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ နာနိုဘော့တွေကို တည်ဆောက် လာနိုင်ခဲ့ရင် ကင်ဆာဆဲလ် တွေကို ဖျက်ဆီးတာတွေ၊ သွေးကြော မျှင် လေးတွေကို ပြင်ဆင် တာတွေနဲ့ တစ်သျှူး တည်ဆောက်မှု တွေကို ပြုလုပ်နိုင်မယ်လို့ တွက်ဆပြီး သုတေသနတွေ ပြုလုပ်နေကြ ပါတယ်။
အခုဆိုရင် နာနို နည်းပညာကို အသုံးပြုပြီး ရေသန့်စင် စနစ်တီထွင်ဖို့ သုတေသန ပြုမှုတွေ၊ အစားအစာ တွေရဲ့ အရသာနဲ့ ပါဝင်မှု တွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့ သုတေသန ပြုမှုတွေ၊ ကာကွယ်ဆေးနဲ့ ရောဂါ ကုသရေး နည်းပညာသစ် ရှာဖွေရေး အတွက် သုတေသန ပြုမှုတွေ အများအပြား ရှိနေပါပြီ။ Estrasorb လို့အမည်ရှိတဲ့ Skin Lotion ဟာ ကမ္ဘာ့ဆေးဝါး ဈေးကွက်ထဲကို ပထမဆုံး ဝင်ရောက်လာတဲ့ နာနို နည်းပညာ အသုံးပြု ဆေးဝါး ဖြစ်ပါတယ်။
နာနို နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုး တိုးတက်လာအောင် သုတေသန ပြုခြင်း အားဖြင့် နေရောင်ခြည် ဆဲလ်တွေအား ထုတ်လုပ် လာနိုင်မယ်လို့ ယူဆပြီး အကောင်အထည် ဖော်နေကြတဲ့ သုတေသန စီမံကိန်း တွေလဲ ရှိပါတယ်။ ရေနံ ယိုစိမ့်မှုတွေ ဖြစ်ပွားတဲ့ အခါ Oil Spill ထဲမှာ ပါဝင်တဲ့ အက်တမ်တွေကို သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု မရှိအောင် နာနို ပိုက်လိုင်းလေး တွေနဲ့ ပြောင်း လဲ ပြုပြင်နိုင်ရေး အတွက် ကြိုးပမ်းနေကြတဲ့ သုတေသန စီမံကိန်း တွေလဲ ရှိပါတယ်။
ရောဂါရှာဖွေ ကုသရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး လုပ် ငန်းတွေ အတွက် နာနို နည်းပညာရဲ့ အကျိုးကျေးဇူး တွေကို လေ့လာ သုတေသန ပြုနေဆဲမှာပဲ ဈေး ကွက်ထဲ ရောက်လာတဲ့ နာနို နည်းပညာ အသုံးပြု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ နေရောင်ကာ မှန်တွေ၊ Spray ဗီတာမင် တွေနဲ့ Wrinkle-resistant fabric တွေရဲ့ အကျိုးကျေးဇူး တွေကိုလဲ စားသုံးသူ တချို့ ခံစားနေကြ ရပါပြီ။
ဒါပေမဲ့ လုံခြုံရေး ဆန်းစစ် လေ့လာသူ ပညာရှင် တချို့ကတော့ ကုန်ပစ္စည်း ထုတ်လုပ်ရေး၊ သတင်းနဲ့ နည်းပညာ၊ စွမ်းအင်၊ ဆေးဝါးပစ္စည်း၊ ထောက်လှမ်းရေး ကိရိယာနဲ့ စစ်လက်နက် ပစ္စည်းဆန်းသစ် တီထွင်ရေး တို့အတွက် အကျိုးကျေးဇူးတွေ ဆောင်ကြဉ်း ပေးနိုင်တဲ့ နာနို နည်းပညာဟာ ကမ္ဘာ့ လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်ကြောင်း ထင်မြင်ယူဆ ကြပါတယ်။
စစ်လက်နက် ပစ္စည်းတွေကို နာနို နည်းပညာ အသုံးပြုပြီး ထုတ်လုပ်မှုဟာ ကုန်ကျစရိတ် သက်သာမြန်ဆန် လာနိုင်ပါတယ်။ လက်နက်တွေရဲ့ အရွယ်အစား ပမာဏ ကလဲ သေးငယ်တဲ့ အတွက် အသုံးပြုရတာ ပိုမိုလွယ်ကူ လာနိုင်ပါတယ်။ ဥပမာ- ကွန်ပျူတာ နည်းပညာနဲ့ Sensor နည်းပညာတွေကို နာနို နည်း ပညာနဲ့ ပေါင်းစပ် တီထွင် ထားတဲ့ Smart Bullets တွေဟာ ပစ်မှတ်ကို တိတိကျကျ ဖော်ထုတ် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
ဓာတု လက်နက်နဲ့ ဇီဝလက်နက် ထုတ်လုပ်မှုတွေ မှာလဲ အထောက်အကူ ဖြစ်လာ နိုင်ပါတယ်။ Autonomous Fighting Systems တွေကို တီထွင်ဆန်းသစ် မှုတွေလဲ ရှိလာနိုင်ပါတယ်။ စစ်မြေပြင်က စစ်သားတွေရဲ့ ကျန်းမာရေး အခြေအနေကို ဝတ်ထားတဲ့ စစ်ယူနီဖောင်းတွေ ကနေတစ်ဆင့် သေးငယ်တဲ့ Sensors တွေကို အသုံးပြုပြီး စစ်ဆေး ကြည့်ရှုနိုင်တဲ့ သုတေသန စီမံကိန်း တွေနဲ့ ပင်ပန်း နွမ်းနယ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေကို စစ်ယူနီဖောင်း တွေကတစ်ဆင့် Exterior Support ပြုလုပ် ပေးနိုင်ဖို့ လိုအပ်တဲ့ သုတေသန စီမံကိန်း တွေကိုလည်း စတင်နေပြီ ဖြစ်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေ ဆီမှာ nano-weapons of mass destruction တွေ ရောက်ရှိသွားမယ့် အရေးကလဲ စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီထက် ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အရေးကတော့ အစားအစာ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လုံခြုံရေး လေ့လာသူများ ပါဝင်တဲ့ ETC အုပ်စုက နာနို နည်းပညာဟာ စိုက်ပျိုးရေး ကဏ္ဍ၊ ထုတ်လုပ်ရေးတွေ ကနေတစ်ဆင့် အစားအစာ စားသုံးမှု သဏ္ဌာန်တွေ ကိုပါ သက်ရောက်မှု ရှိလာ စေနိုင်ကြောင်း တင်ပြ ထားပါတယ်။
ဒီလိုနာနို နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက် နိုင်မှုတွေ ကြီးမား လာတာနဲ့ အမျှ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေရဲ့ နာနို နည်းပညာ အပေါ် အာရုံစိုက်မှု တွေလဲ ကြီးထွားလာပါ တော့တယ်။
နာနို နည်းပညာကို အာရုံစိုက်ခြင်း အစပိုင်းမှာ နာနို နည်းပညာကို အင်အားကြီး နိုင်ငံ တွေကသာ အာရုံ စိုက်ကြပေမဲ့ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ကပါ အာရုံစိုက်လာ ကြပါတယ်။ အဓိက အကြောင်းရင်း ကတော့ နာနို နည်းပညာဟာ nanodivide လို့ခေါ်တဲ့ နာနို နည်းပညာကို ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေနဲ့ မပိုင်ဆိုင်တဲ့ တိုင်းပြည်တွေ အကြား ကွာခြားမှုကို ဖြစ်စေနိုင်လို့ ပါပဲ။အကျိုးအမြတ် များစေနိုင်တဲ့ ကုန်ပစ္စည်း တွေကို နာနို နည်းပညာ အသုံးပြုနိုင်တဲ့ နိုင်ငံတွေက ထုတ်လုပ်ပြီး ကမ္ဘာ့ ဈေးကွက်ကို လက်ဝါးကြီး အုပ်မှုတွေ ဖြစ်ပွား လာနိုင်တယ်လို့ ပညာရှင် တွေက သုံးသပ်လာကြ ပါတယ်။
အထူးသဖြင့် နာနို နည်းပညာနဲ့ ဆက်နွှယ်တဲ့ စက်မှု တော်လှန်ရေးသာ ထွက်ပေါ် လာခဲ့ရင် ကုန်ကြမ်း ပစ္စည်းတွေကို နာနို နည်းပညာနဲ့ တည်ဆောက် လာနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ Commodity Market ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး နည်းပညာ မရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက် လာစေနိုင်ကြောင်း စိုးရိမ် ပူပန်မှုတွေ ပေါ်ထွက် လာပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဟာ သဘာဝ သယံဇာတ အရင်းအမြစ် အပေါ်မှာ မူတည်တယ် ဆိုတဲ့ အချက်ကို နည်းပညာနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုနဲ့ ငြင်းဆိုခဲ့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိခဲ့ပါတယ်။
နာနို နည်းပညာ တော်လှန်ရေး အောင်မြင်သွားခဲ့ ရင်တော့ သဘာဝ သယံဇာတ အရင်းအမြစ် ပိုင်ဆိုင်မှုရဲ့ Competitive advantage ဟာ လျော့ကျပျက်ပြယ် သွားတော့မှာ ဖြစ်ပါတယ်။ နာနို နည်းပညာ တော်လှန်ရေး ဟာ ကမ္ဘာ့ စီးပွားရေး ချိန်ခွင်လျှာကို သာမက ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ တွေကိုပါ ဦးတည် သွားနိုင်ကြောင်း လေ့လာသူ တွေက သုံးသပ်ကြပါတယ်။ နာနိုလက်နက် အပြိုင်အဆိုင် ထုတ်လုပ်မှု (nano arms race) လဲဖြစ်ပွား နိုင်ပါတယ်။
နိဂုံး
နည်းပညာ တိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့ ဒွန်တွဲနေတတ် ပါတယ်။ ကောင်းကျိုးတွေကို အကောင်းဆုံး ရယူ ခံစားနိုင်အောင် ကြိုးပမ်းပြီး ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ဖို့ ကိုတော့ လူသားတွေ ကသာ ကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲ နေတဲ့ နည်းပညာရဲ့အခြေအနေကို မျက်ခြည် မပြတ် အာရုံစိုက်ခြင်း၊ သင့်လျော်သော မူဝါဒများ၊ စီမံကိန်းများ ချမှတ်ခြင်း စတဲ့ Pre-Cautionary approach ကိုအသုံးပြုပြီး နာနို နည်းပညာရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အပေါ် ဆိုးကျိုးသက်ရောက် နိုင်မှုတွေ ကို လျှော့ချ နိုင်ပါတယ်။ နည်းပညာကို တလွဲ ဆံပင်ကောင်း အသုံးပြုပြီး လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့် ဆိုးကျိုးတွေ ကိုလည်း Justice approach နဲ့ တားဆီး လျှော့ချနိုင်အောင် ကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။ ။___ခင်မမမျိုး-

0 မှတ်ချက်များ for "Nanotechnology အကြောင်း တစေ့တစောင်း"