ယူကရိန်းပဋိပက္ခအပေါ် အမေရိကန်နှင့် EU သဘောထားကွဲလွဲ
ယူကရိန်းနိုင်ငံ ပဋိပက္ခနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရနဲ့ EU ဥရောပ သမဂ္ဂ
အကြား နိုင်ငံရေးအရ သဘောထား ကွဲလွဲနေတယ် ဆိုတာကို ကြားဖြတ် ခိုးဖမ်းပြီး
ဖော်ထုတ် ဖွင့်ချခြင်း ခံခဲ့ရတဲ့ အမေရိကန် ထိပ်တန်း သံတမန်နှစ်ဦးရဲ့
ဖုန်းပြောဆိုချက်တွေက မီးမောင်းထိုး ဖော်ပြနေပါတယ်။
ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Geoffrey Pyatt နဲ့ ဖုန်းပြောခဲ့စဉ်အတွင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဗစ်တိုရီးယား နူလဲန်က ယူကရိန်းနိုင်ငံအရေးမှာ EU ရဲ့ ပါဝင် ပတ်သက်မှုအပေါ် မကြားဝံ့ မနာသာ စကားလုံးတွေနဲ့ ပြစ်ပြစ်နှစ်နှစ် ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။
အဲဒီ ဖုန်းပြောဆိုမှုအတွင်းမှာ EU ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုလည်း ဗစ်တိုး ရီးယား နူလဲန်က မနှစ်မြို့စွာ နှိုင်းယှဉ် ပြောသွားခဲ့ပါတယ်။
အဲဒီ ခိုးဖမ်းထားတဲ့ ဖုန်းပြောဆိုချက်ဟာ တကယ့် အစစ်အမှန် ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်လို့တော့ အမေရိကန် နိုင်ငံခြားရေး ဌာနက မေးခွန်းထုတ်တာမျိုး မရှိခဲ့ပါဘူး။
အခုဒီ ဖုန်းပြောဆိုချက်ကို ပေါက်ကြားအောင် ရုရှား အစိုးရက လုပ်ခဲ့တာလို့ အမေရိကန် အစိုးရ ပြောခွင့်ရ အမျိုးသမီးက အရိပ်အမြွက် ပြောကြား သွားခဲ့ပြီး ဒါဟာ ရုရှားအစိုးရရဲ့ အနိမ့်ကျဆုံး အပြုအမူသစ် တရပ် ဖြစ်တယ်လို့ ဆိုပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ယူကရိန်းပဋိပက္ခအပေါ် အမေရိကန်နှင့် EU သဘောထားကွဲလွဲ"