တရုတ်အရာရှိများ ပိုင်ဆိုင်မှု ထုတ်ဖေါ်ရေး လှုပ်ရှားသူကို ထောင်ဒဏ်ချမှတ်

တရုတ်နိုင်ငံ၏ အထင်ကရ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ရှုကျီယောင်းသည် အစိုးရ အရာရှိများ၏ ပိုင်ဆိုင်မှုကို အများပြည်သူသို့ ထုတ်ဖော် ကြေညာပေးရေး လှုပ်ရှားသဖြင့် ထောင် ဒဏ် ၄နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ဘေဂျင်းမြို့ရှိ အမှတ် (၁) အလယ်ဆင့် ပြည်သူ့ တရားရုံးက ရှုကျီယောင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက ကြေညာချက် တစ်စောင် ချက်ချင်း ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်ထဲတွင် ရှုကျီယောင်းသည် အကျင့်ပျက် လာဘ်စားမှုများကို အများပြည်သူ သို့ ဖော်ထုတ် တင်ပြနိုင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

ဘေဂျင်း တက္ကသိုလ်တစ်ခုမှ ကထိကဟောင်း တစ်ဦးဖြစ်သည့် ရှုကျီယောင်း၏ ဦးဆောင်မှုဖြင့် အစိုးရ အရာရှိများ၏ ပိုင်ဆိုင်မှုများကို အများပြည်သူသို့ ထုတ်ဖော် ကြေညာရေး ဆန္ဒပြပွဲအချို့ ဘေဂျင်း မြို့တွင် ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရ ရှေ့နေများက ရှုကျီယောင်းကို အများပြည်သူ အနှောင့်အယှက် ဖြစ်စေရန် လူစုလူဝေး စုစည်းမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ရှုကျီယောင်းသည် ဥပဒေရေးရာ ကထိကဟောင်း တစ်ဦးဖြစ်ပြီး ချို့တဲ့နွမ်းပါးသူများကို ကူညီသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှေ့နေတစ်ဦးအဖြစ် ကျော်ကြားသူလည်း ဖြစ်သည်။

တရုတ်အာဏာ ပိုင်များက မစ္စတာရှုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အမှုရင်ဆိုင်နေစဉ် ကာလအတွင်း မစ္စတာရှုက သူ့လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်နှင့် သူ့တွင်အပြစ် မရှိကြောင်း လျှောက်လဲချက်ပေးရန် ကြိုးစားခဲ့သော်လည်း အစိုးရ အရာရှိကြီးများ၏ ပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာစေလိုရသည့် အကြောင်းအရင်းကို ပြောသည့်အခါတွင် တရားသူကြီးက ၎င်းကို ဆက်လက် မပြောရန် တားမြစ်ခဲ့သည်ဟု ရှုကျီယောင်း၏ ရှေ့နေက ပြောကြားခဲ့သည်။ ___စီအန်အန်

0 မှတ်ချက်များ for "တရုတ်အရာရှိများ ပိုင်ဆိုင်မှု ထုတ်ဖေါ်ရေး လှုပ်ရှားသူကို ထောင်ဒဏ်ချမှတ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++