မြန်မာပြည်ဖွား ပါကစ္စတန် တာလီဘန် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ဖမ်းမိ

မြန်မာနိုင်ငံဖွား ပါကစ္စတန် တာလီဘန် အဖွဲ့ဝင် ၃ ဦးကို ဖောက်ခွဲရေးအချက်လက်တွေပါဝင်တဲ့ ခရီးဆောင် laptop ကွန်ပျူတာ တလုံးနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၂၀ ရက်နေ့ က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
အိုစမန် (Osman) မာမွတ် (Mehmud) နဲ့ ဖက်ခရုလ် (Fakhrul) အမည်ရှိတဲ့ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ မနေ့ညက ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဟာ တာဟရစ်-အီ-တာလီဘန် ပါကစ္စတန် Tehrik-e-Taliban Pakistan အမည်ရတဲ့ TTP အဖွဲ့ဝင်တွေ ဖြစ်ကြောင်း ဒါကာ မြို့တော်ရဲတပ်ဖွဲ့ပြောခွင့်ရသူ မိုနီရုလ် အီစလန် (Monirul Islam) က ပြောကြောင်း အိန္ဒိယ PTI သတင်းဌာနက ရေးသားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ ဒီပါကစ္စတန် တာလီဘန်အဖွဲ့ဝင် ၃ ဦးဟာ မြန်မာနိုင်ငံဖွားတွေ ဖြစ်ပြီး မြန်မာနိုင်ငံက ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ စွမ်းရည် မြင့် ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာဖြစ်ကြောင်း၊ ဒီအစီစဉ်ကို အပြည့်အစုံ မသိရသေးပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ဒီလူတွေကို အကာကွယ်ပေးထားသူတွေရှိနေတာကတော့ သိရှိထားကြောင်း ရဲအရာရှိက ပြောပါတယ်။

သူတို့ကို ပါကစ္စတန်တာလီဘန်အဖွဲ့က ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမတိုင်မီ ဂျီဟတ်လုပ်ငန်း တွေအတွက် ကနဦး စေလွှတ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ မြန်မာနိုင်ငံထဲကို စေလွှတ်ဖို့ စီစဉ်ခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့နဲ့အတူဖမ်းဆီးရမိတဲ့ ကွန်ပျူတာဟာ အရေးကြီးတဲ့ သက်သေခံပစ္စည်းလို့လည်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။
 
သူတို့ ၃ ဦးက ဒီကနေ့ ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေမှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။___အာအက်ဖ်အေ

0 မှတ်ချက်များ for "မြန်မာပြည်ဖွား ပါကစ္စတန် တာလီဘန် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ဖမ်းမိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++