“ခမီ” လူမျိုးကို “ခူမီး” ဟု ပြောင်းလဲ သတ်မှတ်ရန် တိုက်တွန်း
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းလူမျိုးများ၏
မျိုးနွယ်စုထဲတွင် ထည့်သွင်း ထားသည့် “ခမီ” ဟူသည့် အသုံးအနှုန်းကို “ခူမီး”
(Khumi) ဟု ပြောင်းလဲ ပြင်ဆင်ပေးရန် သန်းခေါင် စာရင်း ကော်မတီကို
တိုက်တွန်းကြောင်း “ခူမီး” ချင်းမျိုးနွယ်စုများက ဇန်နဝါရီလ ၂၀ ရက် နေ့တွင်
ကြေညာချက်တစ်ရပ် ထုတ်ပြန် သည်။
“ခမီ” ဟူသော အမည်သည် ၎င်းတို့ “ခူမီး” မျိုးနွယ်စု များကို အခြားလူမျိုးများက ခေါ်ဝေါ်သည့် နာမည်ဖြစ် သဖြင့် လက်မခံနိုင်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Gender and Development ရုံးခန်းတွင် ပြုလုပ်သည် သတင်းစာ ရှင်းလင်းပွဲတွင် ခူမီးချင်းမျိုးနွယ်စု ဖိုရမ်၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ချင်းပြည်နယ် ပလက်ဝမြို့) နှင့် ပလက်ဝမြို့နယ် လူမှုရေးအသင်း (ရန်ကုန်) တို့ ယင်းကြေညာချက်ကို ပူးပေါင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
“စကားပြောရာမှာ အသံက အဓိကပဲ။ အသံလွဲရင် အဓိပ္ပာယ်လွဲတယ်။ ဒါကြောင့်မို့ အသုံးအနှုန်းကို သတိထားစေချင်ပါတယ်” ဟု ခူမီးစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ နာယကဖြစ်သူ အငြိမ်းစား ဝန်ထမ်း ဦးအောင်ကျော်က ဆိုသည်။___ချင်းလန်း
၂၀၁၄ ခုနှစ် မတ်လတွင် ပြုလုပ်မည့် သန်းခေါင်စာရင်းတွင် ချင်းလူမျိုးနွယ်စု ၅၃ စု အတွက် ကုတ်နံပါတ် ၄၀၁ မှ ၄၅၃ အထိ သတ်မှတ်ပေးထားပြီး ကုတ်နံပါတ် ၄၀၅ တွင် ခမီးဟု ဖော်ပြထားခြင်းကြောင့် ပြန်လည် ပြင်ဆင်ပေးရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကြားနာခဲ့သည့် တောင်တန်းဒေသစုံစမ်းရေး ကော်မရှင်သို့ ရခိုင်တောင်တန်းခရိုင် (ယခု ပလက်ဝမြို့နယ်)မှ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ထွက်ဆိုတင်ပြချက် မှတ်တမ်းတွင် အင်္ဂလိပ်ဘာသာဖြင့် “KHUMI” ဟု မူရင်း အသံထွက်ဖြင့် ရေးသား မှတ်တမ်းတင်ခဲ့ကြောင်း၊ သို့သော် မြန်မာဘာသာဖြင့် “ခမီ” မူရင်း အသံထွက်နှင့် ကွဲလွဲစွာ ရေးသားထားကြောင်း ခူမီးစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစနီအောင်က ပြောဆိုသည်။
ယင်းအပြင် ချင်းအမျိုးသားညီလာခံ (၂၀၁၃) ၏ ဘုံသဘောတူညီချက် ၁၂၄ အရ သန်းခေါင်စာရင်း ကောက် ယူရာတွင် လူမျိုးနေရာ၌ ချင်းဟူ၍သာ ထည့်သွင်းကြရန် သဘောတူညီထားပြီး အကြောင်း အမျိုးမျိုးကြောင့် ဘုံအမည်ဖြစ်သော ချင်းဆိုသည်ကို မထည့်သွင်းမိဘဲ လူမျိုးစု အမည်များကို ထည့်သွင်းမိပါကလည်း ချင်းလူမျိုးစာရင်း တွင်သာ ထည့်သွင်းပေးရန် ကြေညာချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။
ခမီဟူသော အသုံးအနှုန်းမှ ခူမီးဟု ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတနှင့် သန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းတို့ထံသို့ ၂၀၁၃ ခုနှစ် အတွင်းက တင်ပြခဲ့ပြီး ယခု ဇန်နဝါရီလကုန်ပိုင်း တွင်လည်း လွှတ်တော် အပါအဝင် အဆိုပါ ပုဂ္ဂိုလ်များထံသို့ ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း ဦးစနီအောင်က ပြောကြားသည်။
တရားဝင် သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည့် မြန်မာနိုင်ငံတွင် ခူမီးလူမျိုးများသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်ခွဲ တို့တွင် အများဆုံး နေထိုင်ကြပြီး ရန်ကုန် တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်း ပျံ့နှံ့နေထိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ များတွင်လည်း နေထိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ခူမီး မျိုးနွယ်စု ရှစ်သောင်းဝန်းကျင် ရှိကြောင်း အဆိုပါ လူမျိုးစုဝင်များက ဆိုသည်။___

0 မှတ်ချက်များ for "“ခမီ” လူမျိုးကို “ခူမီး” ဟု ပြောင်းလဲ သတ်မှတ်ရန် တိုက်တွန်း"