အပစ်ခတ်ရပ်ရေး အစိုးရစာချုပ်မူကြမ်း လက်ခံနိုင်ဖွယ်မရှိဟု လူမျိုးစု တပ်ဖွဲ့တွေပြော

ကယန်းပြည်သစ်တပ်မတော် (KNLA)
တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးနိုင်ရန် အစိုးရဘက်မှ ငြိမ်းချမ်းရေး စာချုပ် မူကြမ်းအား တိုင်းရင်းသား အဖွဲ့အစည်းများထံ သို့ ပေးပို့လာပြီး အစိုးရရဲ့  မူကြမ်းကို လက်ခံနိုင် ဖွယ်ရာမရှိကြောင်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက  သုံးသပ်ပြောဆိုနေကြသည်။  

အစိုးရကပေးပို့ထားသော မူကြမ်းများတွင် တည်ဆဲဥပဒေအရဟူ၍လည်းကောင်း၊ လက်နက် ချရေး လမ်းစဉ် စသည်တို့က တိုင်းရင်းသားတို့ မလိုအပ်သည့် သဘောတူညီချက်များဖြစ်သည်ဟု ကယန်းပြည်သစ်ပါတီ ဗိုလ်မှူးကြီးစောလွင်က ပြောသည်။

“သူတို့ပြောနေတာက လက်နက်ချရေးလမ်းစဉ်၊ ကျွန်တော်တို့ ပြောနေတာက အပစ်အခတ်ရပ်စဲရေး လွဲနေပြီ”ဟု သုံးသပ်ပြောဆိုသည်။ 

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကလည်း နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပခဲ့တဲ့ ၎င်းတို့ ဗဟိုကော်မီတီ အစည်းအဝေးမှာ လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်ရမယ့်ကိစ္စ၊ ဒို့တာဝန်အရေး သုံးပါးကိစ္စ၊ ပြင်ဆင်ရေးဥပဒေကိစ္စ၊ အခြေခံ ဥပဒေကိစ္စ၊ စောင့်စည်းလိုက်နာရမယ့် ကိစ္စ၊ မြန်မာရဲတပ်ဖွဲ့တွေက အပစ်ရပ်နယ်မြေတွေမှာတရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မယ့်ကိစ္စ၊ ပြည်သူ့ လွှတ်တော်မှာ တင်မယ့်ကိစ္စ၊ တပ်ဖွဲ့ဝင်တချို့ကိစ္စ တွေပေါ့ အဲဒါ တွေမှာ လက်ခံရခက်ခဲ နေပါတယ်”  KNPP ဒုတိယ ဥက္ကဌ ခူဦးရယ် က ပြောသည်။ 

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)  ဗိုလ်မှူးကြီး စောဆန်းအောင်ကလည်း အစိုးရဲ့ မူကြမ်း သည် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်များအား အားနည်းပျောက်ကွယ်သွားစေရန် ရည်ရွယ်သည့် အချက်များ ပါဝင်နေပြီး ဒီမိုကရေစီ မဆန်မှုများရှိနေသည်ကို တွေ့ရသဖြင့် ဆက်လက် ဆွေးနွေးရန် လိုအပ်ဦးမည်ဟု  ပြောသည်။ 

UNFC အတွင်းရေးမှူးလဲဖြစ် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌလဲဖြစ်တဲ့ နိုင်ဟံသာ က "အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား လက်ရှိဆွေးနွေးမှုများနှင့် တဆက်တည်း အစိုးရဘက်က တင်ပြလာသော မူကြမ်း အချက်များထဲတွင် အဓိကအားဖြင့် ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစဉ်က မပါဝင်တဲ့အချက်များ ပါလာသည်ကို လက်မခံနိုင်ကြောင်း  ပြောပြသည်။

“ကျနော်တို့ကို စခန်းသစ် မဆောက်ရေး၊ တပ်သားသစ် မစုဆောင်းဖို့၊ လူစာရင်း၊ လက်နက်စာရင်းတွေ
ပေးရမယ် ဆိုတဲ့ကိစ္စတွေ၊ နောက် လူထုဆီမှာ အကောက်အခွန်တွေ မကောက် ရဆိုတဲ့ဟာတွေက ကျနော်တို့ အတွက် လက်ခံနိုင်စရာတော့ မရှိဘူး”

 UNFC အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ပြောဆိုမှု အကြိမ်ကြိမ်လုပ်ဆောင်
နေသော်လည်း ယခုအထိ နားလည်မှုတစုံတရာ မရရှိသေးကြောင်း၊ နားလည်မှု မရသေး၍ နိုင်ငံရေး
ဆွေးနွေးပွဲကို တက်လှမ်းရန် မလွယ်ကူသေးကြောင်း၊  ဆက်လက် ပြောကြားထားသည်။

အစိုးရဘက်က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံ
ရေး ဆွေးနွေးပွဲများကို လုပ်ဆောင်မယ်လို့ ပြောထားတဲ့အပေါ် အစိုးရရဲ့ထိုးစစ်ဆင်မှု အလူးအလဲ ခံနေရတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်း က ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးထားတယ် ပလောင်ဒေသမှာ တိုက်ပွဲဆက်လက်ဖြစ်ပေါ်နေတုံးဘဲ။ အစိုးရသည် အပြောတမျိုး အလုပ်တမျိုး လုပ်နေတာကြောင့် ယုံကြည်လို့ မရဘူး။ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို ထပ်မံလက်မှတ် ထိုးခိုင်းနေတာဟာ နိုင်ငံတကာကို ပြဖို့အတွက်သာ လုပ်တာလို့ဘဲ မြင်တယ်။

အစိုးရဘက်မှ တင်သွင်းသည့် မူကြမ်းများသည် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား အားနည်းပျောက်ကွယ်သွားစေရန် ရည်ရွယ်ထားသည်ဟု သုံးသပ်ရနေကြပြီး  နိုင်ငံရေးအာမခံချက် မရှိဘဲနှင့် အစိုးရရဲ့တပြည်လုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပွဲ ပါဝင်မည်ဟုတ်ကြောင်း တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အများစုက ပြောဆိုနေကြသည်။ 

0 မှတ်ချက်များ for "အပစ်ခတ်ရပ်ရေး အစိုးရစာချုပ်မူကြမ်း လက်ခံနိုင်ဖွယ်မရှိဟု လူမျိုးစု တပ်ဖွဲ့တွေပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++