နောက်ဆုံးနေ့အထိ ဘာစီလိုနာကို ဖိအားပေး သွားပါမယ် # ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဟီဂူရင်း
စပိန်လာလီဂါ ချန်ပီယံဆုအတွက် အမှတ်ပေးဇယား ဦးဆောင်သူဘာစီလိုနာကို အဆုံးတစ်နေ့ထိ ဆက်လက် ဖိအားပေး သွားမည်ဟု ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်း က ပြောကြား လိုက်သည်။
စပိန်လာလီဂါ အမှတ်ပေးဇယား ဒုတိယ နေရာတွင် ရပ်တည်နေသည့် ရီးယဲလ်သည် စနေနေ့က မာယော့ ကာ အား (၅-၂)ဖြင့် အနိုင်ရ ခဲ့ပြီး လက်ရှိ အချိန်တွင် ဘာစီလိုနာနောက် (၁၃)မှတ် အကွာတွင် ရပ်တည်နေသည်။
ဟီဂူရင်း အပြင် လူကာမိုဒရစ်၊ ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ကီရင်ဘင်ဇီမာ တို့ အသီးသီး သွင်းယူကြသော ဂိုးများကြောင့် အိမ်ရှင် အသင်း အမှတ်ပြည့် ရခဲ့ပြီးနောက် အာဂျင်တီးနား လက်ရွေးစင်က ဘာစီလိုနာအား ရာသီ ကုန်ထိ ဆက်လက် တိုက်ပွဲဝင် ဖိအားပေး သွားမည်ဟု သတင်းထောက် များအား ပြောဆို သွားခြင်း ဖြစ်သည်။
ဟီဂူရင်းက “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဘာစီလိုနာကို တောက်လျှောက် ဖိအားပေးနေ ဖို့ပဲ။ သူတို့ကို တစ်စက္ကန့်လေးတောင်မှ နားနားနေနေ သက်တောင့် သက်သာ မဖြစ်စေ ရဘူး။ သွားရမယ့် ခရီးက အရှည်ကြီး ကျန်ပါသေးတယ်။ ကျွန်တော် တို့ဟာ အဆုံးတစ်နေ့ ထိ အလျှော့ မပေးစတမ်း တိုက်ပွဲဝင် သွားမှာပါ”ဟု ပြောကြား ခဲ့သည်။
၎င်းက “မာယော့ကာ ကို နိုင်လိုက်တာ ကျွန်တော် ပျော်ပါတယ်။ သူတို့ဟာ လောလောဆယ် ခြေ စွမ်းကောင်း ရနေတဲ့ အသင်းဖြစ် သလို ကျွန်တော်တို့ အပေါ် (၂)ကြိမ် ဦးဆောင်ဂိုး သွင်းခဲ့သေးတယ်။ ဒါပေမယ့် ရီးယဲလ် တစ်သင်းလုံး အံကြိတ်ပြီး ကြိုးစား ခဲ့တယ်။ ဘယ်လို အရည်အသွေးမျိုးနဲ့ ကျွန်တော်တို့ ကစားနိုင်တယ် ဆိုတာ လက်တွေ့ ပြသနိုင်ခဲ့ ပါတယ်”ဟု လည်း မှတ်ချက်ပြု သွားသည်။

0 မှတ်ချက်များ for "နောက်ဆုံးနေ့အထိ ဘာစီလိုနာကို ဖိအားပေး သွားပါမယ် # ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဟီဂူရင်း"