ဓနုဆုံဆည်းရာပွဲကြောင့် လူငယ်အကြား ဓနု ရိုးရာဝတ်စုံ ပြန်ခေတ်စား

ဓနု ဆုံဆည်းရာပွဲကြောင့် ရိုးရာ ၀တ်စားဆင်ယင်တာ ဟာ ဓနု လူငယ်တွေ အကြားမှာ ပြန်လည် ခေတ် စား လာတယ်လို့ ဓနုလူမှုကူညီရေးအသင်းက တာဝန်ရှိ သူတွေက ပြောပါတယ်။

ဒီပွဲတော်မကျင်းပမီက ဓနုလူငယ် ၁၀ ဦးမှာ ၃ ဦးလောက်ပဲ ဓနုဝတ်စုံကို ၀တ်ဆင်ကြပေမယ့် ဆုံဆည်းရာ ပွဲကို ကျင်းပပြီးတဲ့ အခါမှာတော့ ဓနုလူငယ်တွေအကြား ရိုးရာဝတ်စားဆင်ယင်မှု က ပြန်လည် ခေတ်စား လာတယ်လို့ ပင်းတယမြို့နယ် ဓနုလူမှုကူညီရေး အသင်းက ကိုနီသူယုနိုင် က ပြောပါတယ်။

အရင်က ဓနုလူငယ်တွေအကြား ရိုးရာအ၀တ်အစား ၀တ်စားလာတာ နည်းပါးလာတဲ့ အတွက် ဒါတွေကို ထိန်းသိမ်းဖို့ ဆုံဆည်းရာပွဲကို ကျင်းပပြီး အခုလို တတိယအကြိမ်မြောက်မှာ သိသာလာတာလို့  ပြော ပါတယ်။

“ဒီလိုမလုပ်ခင်ကဆို ၀တ်စားဆင်ယင်မှုက တခြားတိုင်းရင်းသားတွေ အများကြီးဝတ်ကြတာ။ ကျနော်တို့ တိုင်းရင်းသားက ၃-၄ ယောက်လောက်ပဲ ၀တ်တယ်လေ။ ဒါကြောင့် ရိုးရာဝတ်စားဆင်ယင်မှုတွေရော၊ ရိုးရာအ၀တ်အစားတွေ ပြန်ပြန့်ပွားလာအောင် လုပ်မယ်ဆိုပြီး လုပ်တဲ့အခါ အခုဆိုရင် အခါကြီးရက်ကြီးပွဲ
တွေရော ရှင်ပြုအလှူပွဲတွေမှာပါ ဓနုတိုင်းရင်းသားဝတ်စုံကို ၀တ်လာကြတာ ၃-၄ နှစ်ရှိလာပြီ။ ခေတ် လူငယ်ကြားမှာ ပြန်ဝတ်လာအောင် ကြိုးစားခဲ့တာ အခုတော့ ပြန်ဝတ်လာကြပြီ။”

တတိယအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့ကို မတ် ၂၂ ရက်ကနေ ၂၇ ရက်နေ့အထိ ပင်းတယမှာ ကျင်းပ မှာ ဖြစ်ပါတယ်။ တပေါင်းလဆန်း ၁၄ ရက်နေ့ကို ဓနုတိုင်းရင်းသားတွေရဲ့ ဆုံဆည်းရာနေ့ အဖြစ်သတ် မှတ်ထားပါတယ်။

အဲဒီနေ့မှာ အနီးအနားက ရွာပေါင်း ၁၀၀ လောက်က လာရောက်ပြီး ဆုံဆည်းရာနေ့ကို ဆင်နွဲကြသလို အဝေးရောက်နေတဲ့သူတွေလည်း လာရောက်တယ်လို့ ဆိုပါတယ်။

ဒီပွဲတော်ဟာ ပင်းတယ တပေါင်းပွဲ ကျင်းပတဲ့ရက်နဲ့ တိုက်ဆိုင်ကျင်းပတာ ဖြစ်တဲ့အတွက်လည်း အနယ် နယ် အရပ်ရပ်က လာရောက်တဲ့သူတွေ များပြားတယ်လို့ ပြောပါတယ်။

ဓနုလူမျိုးတွေဟာ ရှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရပ်စောက်၊ ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ရွာငံတွေ အပြင် နောင်ချိုမြို့ နယ်တွေမှာလည်း အများဆုံးနေထိုင်ကြပြီးတော့ လူဦးရေ ၂ သိန်းနီးပါးခန့် ရှိပါတယ်။

ဓနုလူမျိုးတွေရဲ့ သံချပ်တွေဟာလည်း ရှမ်းပြည်နယ်သာမက မြန်မာပြည်တ၀န်းမှာ လူသိများပြီး
တော့ တောင်ပေါ် ဒေသရဲ့ လှတောသားများအဖြစ် ခေါ်ဝေါ်ပြောဆိုလေ့ရှိပါတယ်။__ဒီဗွီဘီ

0 မှတ်ချက်များ for "ဓနုဆုံဆည်းရာပွဲကြောင့် လူငယ်အကြား ဓနု ရိုးရာဝတ်စုံ ပြန်ခေတ်စား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++