ကချင်ပြည်သူ ဆန္ဒရယူပြီး ဗမာအစိုးရကို ဆက် ဆွေးနွေး မည် KIO ပြော

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ တွေ့ ဆုံဆွေးနွေးတဲ့ အခါမှာ ပြည်သူ့ဆန္ဒတွေ ပါဝင်ဖို့ လူထု ကိုယ်စားလှယ်တွေဆီက အကြံဥာဏ်နဲ့ သဘောထားတွေ ရယူခဲ့တယ်လို့ ကေအိုင်အို
ပြောရေးဆိုခွင့် ရှိသူ ဦးလနန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ ရက်က ဌာနချုပ် လိုင်ဇာမှာ ကေအိုင်အိုက လူထုကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံခဲ့ပြီး သဘောထားရယူခဲ့တာပါ။

ဦးလနန်က “အဓိကက အခုလုပ်ဆောင်နေတဲ့ ဆွေးနွေးမှုလုပ်ငန်းအပေါ်မှာ လူထုကိုချပြ၊ ရှင်းပြတာ လုပ် တယ်။ လူထုကလည်း ဒီအပေါ်အခြေခံပြီး အကြံဥာဏ်ပေးတာ၊ သူတို့သဘောထားတင်ပြတာရှိတယ်။ လူထုရဲ့ သဘောထားတောင်းဆိုတဲ့ လူထုအစည်းအဝေးပွဲလို့ ပြောလို့ရတယ်။ အကြံဥာဏ်တွေ
တော်တော်ပေးတဲ့အပိုင်းရှိတယ်။ လိုအပ်တဲ့အခန်းကဏ္ဍမှာ အထိုက်အလျောက်အရ အသုံးပြုသွားဖို့ 
ဆုံးဖြတ်ထားတာရှိတယ်။”

ဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအခြားဒေသက ကချင်နိုင်ငံရေးနဲ့ပတ်သက်ပြီး သိနားလည်တဲ့ သူတွေနဲ့ နိုင်ငံရေး အတွ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ စုစုပေါင်း ၈၀ လောက် တက်ရောက်ခဲ့တယ် လို့ ဦးလနန်က ဆိုပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့ ကေအိုင်အိုဟာ ဖေဖော်ဝါရီလအတွင်း တွေ့ဖို့ရှိကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် လာမယ့် မတ်လထဲမှာမှ တွေ့ဖြစ်မယ်လို့ ပြောပါတယ်။

လတ်တလော ကချင်ပြည်နယ် ပန်ဝါမြို့နယ် ချီဗွေဒေသဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပေမယ့်လည်း အစိုးရနဲ့ ဆက်ပြီးဆွေးနေါးသွားမယ်လို့  ကေအိုင်အိုက ပြောပါတယ်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းပယ်တဲ့ကိစ္စ၊ အစိုးရတပ်က တာပိန်ရေအားလျှပ်စစ် လုံခြုံရေး အကြောင်းပြပြီး ကေအိုင်အေကို တပ်ဆုတ်ခိုင်းတဲ့ကိစ္စတွေက စပြီး အခြေအနေတင်းမာရာက ၂၀၁၂ ဇွန်လပိုင်းကစပြီး ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၃ ဇန်န၀ါရီလဆန်းပိုင်းမှာ ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးထိ အစိုးရတပ်တွေ တိုက်ခိုက်ဝင်ရောက် ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နယ်စပ် ရွှေလီမြို့မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အလွတ်သဘောဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ကစပြီး ကေအိုင်အေ တပ်မဟာ ၁ နယ်မြေထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။

အပစ်ခတ်ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ကေအိုင်အိုနဲ့ အစိုးရကြား အနည်းဆုံး ၆ ကြိမ် တွေ့ 
ဆုံခဲ့ပြီး ဖြစ်ပေမယ့် ဆုံးဖြတ်ချက် တစုံတရာ မရခဲ့ပါဘူး။

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်ဖြစ်တဲ့အတွက် နိုင်ငံရေး ကိစ္စကို ယူအန်အက်ဖ်စီ အနေနဲ့ ပဲ ဆွေးနွေးသွား မယ်လို့  ပြောဆိုပါတယ်။

0 မှတ်ချက်များ for "ကချင်ပြည်သူ ဆန္ဒရယူပြီး ဗမာအစိုးရကို ဆက် ဆွေးနွေး မည် KIO ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++