အဝေးကွင်းတွင် သရေရလဒ် ရယူနိုင်ခဲ့သည့် ယူနိုက်တက် # ရီးရဲလ် ၁-၁ မန်ယူ
ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် အဖြစ် ရီးရဲလ်မက်ဒရစ် သည် အင်္ဂလန် ကလပ် မန်ချက်စတာယူနိုက်တက် အား အိမ်ကွင်း ဘာနေဗျူး၌ ဧည့်ခံ ကစားခဲ့ရသည်။ ယနေ့ပွဲတွင် မန်ယူအသင်းသည် အဝေးကွင်းတွင် အဖိုးတန် အဝေးဂိုး ရယူနိုင်ခဲ့သလို သရေရလဒ် ထွက်ပေါ်ရန် ကြိုးစားနိုင်ခဲ့သည်။ မန်ယူအသင်းအတွက် ဝဲလ်ဘက် က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ရီးရဲလ်အသင်းမှ ရော်နာဒိုက ပြန်လည် ချေပခဲ့သည့် ပထမပိုင်း သွင်းဂိုးများဖြင့် ပွဲပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
အိမ်ရှင် ရီးရဲလ်အသင်း၌ တိုက်စစ်မှုး ဘင်ဇီမားကို ရော်နာဒို၊ ဒီမာရီယာ တို့နှင့် တွဲကစားစေခဲ့ပြီး ကွင်းလယ်မှ အိုဇေးလ်၊ ဒီမာရီယာ၊ ခီဒီယာ တို့ဖြင့် ပံ့ပိုးစေခဲ့သည်။ ခံစစ်၌ ဂိုးသမား လိုပက်ဇ် အား အာဘီလိုအာ၊ ဗာရာနီ၊ ရာမို့စ်၊ ကွန်ထရာအို တို့ဖြင့် ကာကွယ်စေခဲ့သည်။ ဧည့်သည် မန်ချက်စတာယူနိုက်တက်တွင်တော့ တိုက်စစ်မှုး ဗန်ပါစီ၊ ရွန်နေး၊ ဝဲလ်ဘက် တို့အား တွဲကစားစေခဲ့ပြီး ကွင်းလယ်တွင် ကာရစ်၊ ကာဂါဝါ၊ ဂျုံးစ် တို့အား အထိုင်ချခဲ့သည်။ ခံစစ်၌ ဂိုးသမား ဒီဂီယာနှင့်အတူ ရာဖေးလ်၊ အီဗရာ၊ ဖာဒီနန်၊ အီဗန်စ် တို့အား ပွဲထွက်စေသည်။
ယနေ့ပွဲတွင် ရီးရဲလ်သည် အိမ်ရှင် အသင်းပီပီ မန်ယူအသင်းအား ဖိအားပေး တိုက်စစ်ဆင်နိုင် ခဲ့သည်ကို တွေ့ရပြီး ဧည့်သည် အသင်းကို ရုန်းကန်စေခဲ့ရသည်။ အစောပိုင်း မိနစ်တွင်ပင် အိမ်ရှင် ရီးရဲလ်မက်ဒရစ် အသင်း ဦးဆောင်ဂိုး ရမလို ဖြစ်ခဲ့ပြီး ဒီမာရီယာ၏ ကန်ချက် ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့သည်။ ပွဲချိန် (၅) မိနစ်တွင်လည်း အိမ်ရှင် ရီးရဲလ် အသင်းပင် ဂိုးသွင်းခွင့် ရခဲ့ပြန်သည်။ သို့သော်လည်း ဖာဒီနန်၏ ဖျက်ထုတ်မှု မသေသပ်ရာမှ တဆင့် ရရှိလာသည့် အခွင့်အရေးကို ကွန်ထရာအိုက အနီးကပ်အနေအထားမှ မနားတမ်း ကန်သွင်းခဲ့ရာတွင် ဒီဂီယာ အံ့ဩဖွယ် ပုတ်ထုတ်ခဲ့ပြီး အတွင်းတိုင်မှန်၍ ပြန်ထွက်လာခဲ့သဖြင့် မန်ယူအသင်း သက်သာရာ ရခဲ့သည်။ ထို့နောက်ပိုင်းတွင် ယူနိုက်တက် သည် ကွင်းလယ်ခံစစ်ကို အားပြု ကစားခဲ့ပြီး ရီးရဲလ် အသင်းအား တန်ပြန် တိုက်စစ်များ မရစေရန် ပိတ်ဆို့ကွာကွယ် ခဲ့သည်။ ပွဲချိန် မိနစ် (၂၀) တွင် မန်ယူအသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။ ယင်းဂိုးကိုတော့ တိုက်စစ်မှုး ဝဲလ်ဘက်က ထောင့်ကန်ဘောမှ တဆင့် ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းအား အမှတ်မထင် ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်တွင် ရီးရဲလ်အသင်း တိုက်စစ်မြှင့်ခဲ့ပြီး (၁၀) မိနစ် အကြာတွင် ချေပဂိုး ရခဲ့သည်။ ယင်းဂိုးကို ဘယ်တောင်ပံ တိုက်စစ်မှ တဆင့် ဒီမာရီယာ၏ ဖြတ်တင် ဖန်တီးမှုအား တောင်ပံ တိုက်စစ်မှုး ရော်နာဒိုက ၎င်း၏ အသင်းဟောင်းကို ပြန်လည် သွင်းယူခဲ့ခြင်း ဖြစ်သည်။ အသင်းဟောင်း ကို သွင်းယူခဲ့ခြင်း ဖြစ်သဖြင့် ဂိုးသွင်းအပြီး တွင် ရော်နာဒို အောင်ပွဲခံခဲ့ခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။ ထို့နောက်တွင်တော့ မန်ယူ အသင်း အမှတ်မထင် တိုက်စစ်မြှင့် ခဲ့ပြီး ပွဲကို ထပ်မံ ဦးဆောင်ရန် ကြိုးစား ခဲ့သည်။ ပွဲချိန် (၃၃)မိနစ် တွင် မန်ယူအသင်း ဒုတိယအကြိမ် ဦးဆောင်ခွင့် ရရန် နီးစပ်ခဲ့သည်။ သို့သော်လည်း ဗန်ပါစီ၏ ဖြတ်တင်ဖန်တီးမှုအား ဝဲလ်ဘက် ပိတ်သွင်းယူရန် ကြိုးစားခဲ့မှု ရီးရဲလ် ဂိုးသမား လိုပက်ဇ် အနာခံ တားဆီးခဲ့၍ အိမ်ရှင် အသင်း ထောင့်ကန်ဘောသာ ပေးခဲ့ရသည်။ ၎င်းမှ တဆင့် မန်ယူတိုက်စစ်မှုး ရွန်နေး ဂိုးပေါက်နှင့် အနီးကပ် ပိတ်သွင်းယူရန် ကြိုးစားခဲ့ရာတွင်လည်း ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားပြန်ခဲ့သည်။
ပွဲချိန် (၃၇) မိနစ်တွင် အိမ်ရှင် ရီးရဲလ်အသင်း အမှတ်မထင် တန်ပြန် တိုက်စစ်ဆင်ခွင့် ရခဲ့ကာ ကွင်းလယ်မှတ် ဖြတ်တင်လိုက်သည့် ဘောလုံးကို အိုဇေးလ် အပိုင် အသုံးချရန် ကြိုးစားခဲ့ပေမယ့် ဒီဂီယာ ပုတ်ထုတ် ကာကွယ်ခဲ့သည်။ ပွဲချိန် မိနစ် (၄၀) နောက်ပိုင်းတွင် အိမ်ရှင် ရီးရဲလ်အသင်းသည် တန်ပြန် တိုက်စစ်များဖြင့် ကစားရန် ကြိုးစားခဲ့သည်ကို တွေ့ရပြီး တိုက်စစ် လိုက်ပါရန် ကြိုးစားနေသည့် ယူနိုက်တက် ခံစစ်ကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့သည်။ အထူးသဖြင့် ရီးရဲလ်အသင်းမှ ရော်နာဒို ခြေစွမ်းပြခဲ့ပြီး ပြိုင်ဘက် ခံစစ်၏ နေရာလွတ် မှန်သမျှကို အသုံးချ၍ ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် (၄၃) မိနစ်တွင် ရော်နာဒို၏ ဂိုးသွင်းယူရန် ကြိုးစားမှုကို မန်ယူ ခံစစ် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသလို ပွဲချိန် (၄၅) မိနစ် အပြည့်၌ သွင်းယူခဲ့သည့် အနီးကပ် ခေါင်းတိုက်ချက် ဂိုးပေါက်မတည့်ခဲ့၍သာ မန်ယူအသင်း ပထမပိုင်းအား သရေရလဒ်ဖြင့် အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယပိုင်းတွင်လည်း နှစ်သင်းလုံးလူစာရင်း အပြောင်းအလဲ မရှိ ပွဲကို စတင်ခဲ့ကြသည်။ ပွဲစစခြင်း ဧည့်သည် မန်ယူအသင်း အမှတ်မထင် တိုက်စစ်ဆင် ကစားခဲ့ပြီး ဂိုးသွင်းယူခွင့် ရခဲ့သည်။ သို့သော်လည်း အနီးကပ် ခေါင်းတိုက် ဂိုးသွင်းယူရန် ကြိုးစားခဲ့သည့် ဝဲလ်ဘက်၏ အားထုတ်မှုအား ရီးရဲလ် ဂိုးသမား လိုပက်ဇ် လက်စွမ်းပြ တားဆီးနိုင်ခဲ့သည်။ ပွဲချိန် (၅၀) မိနစ် အကျော်တွင် ရီးရဲလ် အသင်း ဂိုးပေါက်ခြိမ်းခြောက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဒီမာရီယာ အဝေးကန်ချက် နှစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် တစ်ကြိမ်တွင် ဒီဂီယာ ကာကွယ်နိုင်ခဲ့သလို တစ်ကြိမ်မှာ ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့သည်။ ထို့အပြင် ဆက်တိုက် ဆိုသလို ရော်နာဒို ဂိုးကန်သွင်းခဲ့ပြန်သော်လည်း ဒီဂီယာ ကာကွယ်နိုင် ခဲ့ပြန်သည်။ ပွဲချိန် (၅၄) မိနစ်တွင် မန်ယူအသင်းမှ အသင်းခေါင်းဆောင် အီဗရာ တန်ပြန် တိုက်စစ်မှတဆင့် ထိုးဖောက်ရန် ကြိုးစားခဲ့ပေမယ့် ဗာရာနီ တားဆီးနိုင်ခဲ့သည်။ ယင်းအခြေအနေတွင် Last Defender အဖြစ် ဗာရာနီ ဥပဒေပ တားဆီးခဲ့သည်ဟု မန်ယူအသင်းမှ စောဒက တက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဆက်လက် ကစားစေခဲ့သည်။
ပွဲချိန် (၅၉) မိနစ်တွင် ရီးရဲလ်အသင်းမှ လူစားလဲမှု စတင် ပြုလုပ်ခဲ့ပြီး ခြေစွမ်းမပြနိုင်သည့် ဘင်ဇီမာ အစား ဟီဂူအင် ကို ဝင်ရောက် ကစားစေခဲ့သည်။ ထို့နောက် (၂) မိနစ် အကြာတွင် ရီးရဲလ် အသင်း ဂိုးသွင်းခွင့် ရခဲ့ပြန်ပြီး ကွန်ထရာအို၏ လျှောထိုးပိတ်သွင်းယူမှု ဒီဂီယာ အံ့ဩဖွယ် တားဆီးသွားခဲ့ပြန်သည်။ ထို့နောက် ဆက်တိုက်ဆိုသလို မန်ယူအသင်း တန်ပြန် တိုက်စစ်မှ တဆင့် ဝဲလ်ဘက်က တကိုယ်တော် ဆွဲယူလာပြီး ဂိုးသွင်းယူရန် ကြိုးစားခဲ့သော်လည်း ဗာရာနီ တားဆီးခဲ့ကာ ထောင့်ကန်ဘောသာ ဖြစ်စေခဲ့သည်။ ပွဲချိန် (၆၄) မိနစ်တွင် မန်ယူအသင်းသည် ကစားအား ကျလာသည့် ကာဂါဝါ အစား ဝါရင့် ကွင်းလယ်လူ ရွိုင်ယန်ဂစ် ကို ထည့်သွင်း၍ ကွင်းလယ် ကစားအားကို မြှင့်တင်ခဲ့သည်။ ဂစ်ဝင်ရောက်လာပြီး နောက်တွင် မန်ယူသည် အိမ်ရှင် အသင်း၏ ကွင်းလယ် တိုက်စစ် ကို သိသာစွာ ထိန်းချုပ်လာနိုင်ခဲ့သည်ကို တွေ့ရပြီး ကွင်းလယ် ဘောလုံးပိုင်ဆိုင်မှု ပိုမို ရရှိလာခဲ့သည်။ သို့သော်လည်း ဝဲလ်ဘက်၊ ဗန်ပါစီ ဦးဆောင်သည့် ဂိုးသွင်းခွင့်များ ရယူရန် ရုန်းကန်ရဆဲ ဖြစ်သည်။
ပွဲချိန် မိနစ် (၇၀) တွင် ရီးရဲလ်အသင်း တန်ပြန် တိုက်စစ်ဆင် လာခဲ့ပြီး အာဘီလိုအာ၏ ဖြတင်မှုမှ တဆင့် ရော်နာဒို လျှောထိုး ပိတ်သွင်းရန် ကြိုးစားခဲ့ရာတွင် ဖာဒီနန် ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် (၇၁) မိနစ်တွင် မန်ယူအသင်း ပွဲကို ဦးဆောင်နိုင်ရန် နီးနီးကပ်ကပ် အခြေအနေမျိုး ဖြစ်ခဲ့ပြီး အံ့ဩဖွယ် ဂိုးကံခေခဲ့သည်ကိုတွေ့ရသည်။ တန်ပြန် တိုက်စစ်မှ တဆင့် ဗန်ပါစီ၏ ဂိုးဧရိယာတွင်း အပိုင်ကန်သွင်းချက် ဂိုးသမား လိုပက်ဇ် လက်စွမ်းပြခဲ့ကာ ဂိုးဘားတန်း မှန်ထွက်ခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဗန်ပါစီ ဂိုးသမားနှင့် တစ်ဦးခြင်း ကန်သွင်းခဲ့ရာတွင် ကန်ချက်ပျော့ခဲ့ပြီး ဂိုးထဲဝင်ကာနီးတွင်မှ ဇာဗီအလွန်ဆို က ဖြတ်ထုတ်နိုင်ခဲ့သည့် အိမ်ရှင်တို့ ဂိုးပေးရမည့် အခြေအနေမှ လွတ်ကင်းသွားခဲ့သည်။ ပွဲချိန် (၇၄) မိနစ်တွင်တော့ အိမ်ရှင် အသင်းမှ ဒီမာရီယာ အစား လုကာမိုဒရစ်ကို ထည့်သွင်း ကစားခဲ့သည်။
ပွဲချိန် (၇၆) မိနစ်တွင် ရီးရဲလ်အသင်း ဧည့်သည် အသင်းကို ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ခီဒီယာ၏ ဂိုးဧရိယာထိပ် ကန်သွင်းချက် ယူနိုက်တက် ဂိုးသမား ဒီဂီယာ လက်စွမ်းပြ ဖမ်းယူခဲ့ပြန်သည်။ ပွဲချိန် မိနစ် (၈၀) ကျော်တွင် နှစ်သင်းလုံး လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး အိမ်ရှင်အသင်းမှ အလွန်ဆို အစား ပီပီ၊ မန်ယူအသင်းမှ ရွန်နေး အစား အန်ဒါဆန် တို့ ဝင်ရောက် ကစားခဲ့သည်။ ပွဲချိန် မိနစ် (၉၀) အပြည့်တွင် မိုဒရစ်၏ ဖြတ်တင်ဖန်တီးမှုမှ တဆင့် ရီးရဲလ် တိုက်စစ် ကစားသမား ရော်နာဒို ဂိုးပေါက်နှင့် အနီးကပ် ပိတ်သွင်းရန် ကြိုးစား ခဲ့ပေမယ့် ဖီးလ်ဂျုံးစ် တားဆီးခဲ့သဖြင့် မန်ယူအသင်း သက်သာရာ ရခဲ့သည်။ ထို့နောက် ပွဲချိန် အပိုဆောင်း မိနစ်တွင် မန်ယူအသင်း တိုက်စစ်ဆင် ဖိအားပေးခဲ့ပြီး ကာရစ်၏ ဖန်တီးမှုမှ တဆင့် ဗန်ပါစီ အပြင်းကန်သွင်းခဲ့ပေမယ့် လိုပက်ဇ် ကာကွယ်နိုင်ခဲ့၍ တစ်ဂိုးစီ သရေဖြင့် ပွဲပြီးခဲ့သည်။။ သို့သော်လည်း မန်ယူအသင်း ရရှိခဲ့သည့် ထောင့်ကန်ဘော ကန်ရန် ဧည့်သည် အသင်း ကြိုးစားချိန် ဒိုင်မှ ပွဲအဆုံးသတ်ခဲ့သဖြင့် အငြင်းပွားမှုများ ဖြစ်ခဲ့သေးသည်ကိုလည်း တွေ့ရသည်။

0 မှတ်ချက်များ for "အဝေးကွင်းတွင် သရေရလဒ် ရယူနိုင်ခဲ့သည့် ယူနိုက်တက် # ရီးရဲလ် ၁-၁ မန်ယူ"