လက်နက်ကိုင်အဖွဲ့ များနှင့် ဒီဇင်ဘာတွင် နိုင်ငံရေး ဆွေးနွေး မည်

အပစ်အခတ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီဇင်ဘာလကစပြီး နိုင်ငံရေး
ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့  ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း က ပြောဆိုလိုက်ပါတယ်။

ဒီမိုကရေစီ မိတ်ဆွေများပါတီနဲ့ ပြည်ထောင်စုငြိမ်း ချမ်း
ရေးအဖွဲ့က ဦးအောင်မင်းနဲ့ နိုဝင်ဘာ ၃ ရက်နေ့ ရန် ကုန်က Peace ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံခဲ့စဉ် ပြော ကြား လိုက်တာလို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“နိုင်ငံရေး ဒိုင်ယာလော့ခ်ကို ငြိမ်းချမ်းရေးလုပ်ရင်းနဲ့ တခါတည်း စဖို့လိုတယ်လို့ တင်ပြပါတယ်။ ဘာလို့ လဲဆိုတော့ စစ်မှန်တဲ့ ပြည်ထောင်စုရောက်ရေးဆိုတဲ့ သဘောထားတရပ်ဟာ ထူထောင်ပြီးသား ရှိမှသာ လျှင် နိုင်ငံရေးယုံကြည်ချက်ပိုရပြီး ငြိမ်းချမ်းရေးဆွေးနွေးတာ တွန်းအားဖြစ်ပြီး အောင်မြင် ဖို့အကြောင်း ပိုများမယ်ဆိုတာ ကျနော်တို့က တင်ပြပါတယ်။ ဦးအောင်မင်းတို့ဘက်ကလည်း စီစဉ်ပြီးသားရှိတယ်။ ဒီဇင်ဘာလမှာ နိုင်ငံရေးဒိုင်ယာလော့ခ်လုပ်ဖို့ စီစဉ်ထားတယ်။ အပစ်အခတ်ရပ်စဲ ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဆွေးနွေးမယ်။ အပစ်အခတ်ရပ်စဲလို့ မရသေးဘဲဖြစ်နေတဲ့ အခြေအနေရှိနေရင်တောင် မှ ကချင် ကေအိုင်အိုအဖွဲ့နဲ့လည်း နိုင်ငံရေး ဒိုင်ယာလော့ခ်လုပ်ဖို့ သူ့ဘက်ကတော့ အဆင့်သင့်ရှိနေပြီ ဆိုတာကိုလည်း ပြောပါတယ်။”

ဒီမိုကရေစီမိတ်ဆွေပါတီမှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ စတဲ့တိုင်းရင်း သားပါတီ ၅ ခုပါဝင်ပြီး ကျန်တဲ့ပါတီတွေကတော့ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီ နှင့် ငြိမ်း ချမ်းရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနဲ့ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီနဲ့ ကယန်းတိုင်းရင်းသားပါတီတို့ ပါဝင်နေပါတယ်။

ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူတွေကို ပြန် လည်ရှင်းပြနိုင်ဖို့အတွက် ဒီမိုကရေစီမိတ်ဆွေများပါတီက တိုင်းရင်းသားပါတီတွေကိုလည်း လေ့လာသူ အဖြစ် လိုက်ပါခွင့် ပြုဖို့ကိုလည်း တိုက်တွန်းခဲ့ကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။

“အစိုးရက ဘယ်လောက်ပဲ စေတနာရှိရှိ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပြည်သူလူထုထဲကို ထင်သာမြင်သာ ရှိရှိ ပြန်လည်ချပြနိုင်မှသာလျှင် အစိုးရလုပ်ရပ်ဟာ စေတနာနဲ့မှန်မှန်ကန်ကန်လုပ်နေတယ်။ အခက်အ ခဲတွေရှိရင်လည်း အခက်အခဲတွေက ဘာတွေဖြစ်တယ်။ အောင်မြင်တာရှိရင်လည်း အောင်မြင်တာတွေက ဘာတွေ ဘာတွေဖြစ်တယ်ပေါ့။ ဒါတွေကိုမသိဘဲဖြစ်သွားရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာဟာ ဟိုးအရင် ကလို နောင်ကျရင် အဖျားရှူးသွားမှာပဲကွာဆိုတဲ့အမြင်တွေ ကို ချေဖျက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ
တွေ လိုက်ပါပြီးတော့ လေ့လာသူအဖြစ်နဲ့ ထည့်သင့်ကြောင်း။ တိုင်းရင်းသားပါတီ ၃ ပါတီနဲ့ ပြည်မပါတီ ၂ ပါတီပေါ့လေ ဒါတွေထည့်ပြီး လေ့လာခွင့်ပေးသင့်တဲ့အကြောင်း။ နိုင်ငံရေးဆွေးနွေးပွဲတွေစတဲ့အခါမှာ သင့်ရာ သင့်ရာခေါ်ပြီးတော့ လေ့လာခွင့်ပေးဖို့ ၀န်ကြီးကို တင်ပြတာပါ။”

တွေ့ဆုံဆွေးနွေးပွဲမှာ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ဖို့အတွက် တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီတူရရှိဖို့ လိုတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာက တန်းတူညီမျှရမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရှိရမယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရမယ်။ နောက်ပြီးတော့ အာဏာခွဲဝေမှုမှာလည်းပဲ သင့်တင့်လျောက်ပတ်တဲ့ အာဏာခွဲဝေ မှုတွေ ပြည်နယ်တိုင်းတွေကို ဗဟိုကနေခွဲဝေမှုက သင့်တင့်မျှတတဲ့ အာဏာခွဲဝေမှုမျိုးတွေကို ဖန်တီးပေးဖို့။ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရား၊ ဥပဒေပြုယန္တရားတွေမှာလည်း ပြည်နယ်တိုင်းတွေမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက လွတ်လပ်စွာ သူတို့ဘာသာ လုပ်ကိုင်ခွင့်ရှိအောင် ဖန်တီးပေးဖို့ ဆိုတဲ့ အကြောင်းအရာတွေ ပါပါတယ်။”

0 မှတ်ချက်များ for "လက်နက်ကိုင်အဖွဲ့ များနှင့် ဒီဇင်ဘာတွင် နိုင်ငံရေး ဆွေးနွေး မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++