အင်တာနက်လိုင်းအား ဖြတ်တောက်ပစ်နိုင်သည့် ဆော့ဖ်ဝဲလ်ထွက်ပေါ်
အင်တာနက်ဆိုင်တစ်ခုလုံးရှိ ကွန်ပျူတာများအား အင်တာနက် မသုံးနိုင်စေတော့ရန် အလွယ်တကူနည်းဖြင့် နှောင့်ယှက် ဟန့်တားနိုင် သည့် ဆော့ဖ်ဝဲလ်တစ်မျိုး ပေါ်ထွက်နေကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆော့ဖ်ဝဲအမည်မှာ Net Cut ဟု အမည်ရပြီး ထိုဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သောအခါတွင် အင်တာနက်ဆိုင်တစ်ခုလုံးရှိ ကွန်ပျူတာများ၏ ကွန်ပျူတာအမည်များ ပေါ်လာမည်ဖြစ်ပြီး မိမိ နှောင့်ယှက်လိုသော ကွန်ပျူတာကို ရွေးချယ်ကာ ထိုကွန်ပျူတာအား အင်တာနက်ချိတ်ဆက်မှု ချက်ချင်းပြတ်တောက်သွားရန် ပြုလုပ်နိုင်မည် ဖြစ်သည်။ ထိုနည်းဖြင့် ဆိုင်တစ်ခုလုံး၏ ကွန်ပျူတာများ အင်တာနက်ဆက်သွယ်မှု ပြတ်တောက် သွားစေရန် တစ်မိနစ်ခန့်အချိန်ပေးရုံဖြင့် ပြုလုပ်နိုင်ကြောင်း သိရှိရပါသည်။
"Net Cut ဆော့ဖ်ဝဲက ARP Spoofing နည်းပညာကို အသုံးချပြီး ပြုလုပ်သွားတာပါ။ ပုံမှန်အတိုင်းဆိုရင် ကွန်ပျူတာထဲမှာ router သို့မဟုတ် server ရဲ့ IP Address နဲ့ MAC Address ကို ယှဉ်တွဲပြီး မှတ်ထားပါတယ်။ NetCut က ARP Spoofing နည်းပညာကို အသုံးချပြီး အဲဒီလိုမှတ်ထားတဲ့ ARP Table ကို ပြုပြင်ပြောင်းလဲ မှုတွေ လုပ်လိုက်တာကြောင့် တိုက်ခိုက်ခံရတဲ့ ကွန်ပျူတာက အင်တာနက်သုံးမရတော့ဘူး ဖြစ်သွားတာပါ" ဟု မုံရွာမြို့ရှိ i-Campus ကွန်ပျူတာသင်တန်းမှ ဦးဇော်သူရိန်ထွန်းက ပြောကြားသည်။
နှောင့်ယှက်ခံရသော ကွန်ပျူတာအား restart ပြုလုပ်သော်လည်း ပြန်လည်ကောင်းမွန်လာမည် မဟုတ်တော့ ဘဲ command များရိုက်ထည့်ကာ ပြင်ဆင်မှသာ အဆင်ပြေနိုင်မည် ဖြစ်သည်။

ထို့ပြင် ဆိုင်ရှိ ကွန်ပျူတာများအား DeepFreeze ကဲ့သို့သော ဆော့ဖ်ဝဲတင်ထားပါက restart လုပ်ပါက ပြန် လည်ကောင်းမွန်သွားမည်ဖြစ်သော်လည်း DeepFreeze မှာလည်း ယခုအခါ Anti DeepFreeze ကဲ့သို့ ဆော့ဖ်ဝဲဖြင့် အလွယ်တကူ ချိုးဖျက်နိုင်သောကြောင့် ထိုကဲ့သို့ NetCut ၏ ရန်မှ ကာကွယ်ရန်အတွက် အင်တာနက်ဆိုင်များရှိ ကွန်ပျူတာများတွင် NetCut Defender ဆော့ဖ်ဝဲလ် ထည့်သွင်းထားသင့်ကြောင်း ထပ်မံသိရှိရပါသည်။

0 မှတ်ချက်များ for "အင်တာနက်လိုင်းအား ဖြတ်တောက်ပစ်နိုင်သည့် ဆော့ဖ်ဝဲလ်ထွက်ပေါ်"