လုပ်ငန်းခွင် လုံခြုံရေးကို ဘယ်သူ တာဝန်ယူပါသလဲ

မြစ်မခရုံးခန်းရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် အထပ်မြင့်အဆောက် အဦးတစ်ခု ဆောက်နေ တဲ့လုပ်ငန်းခွင်တစ်ခုကို   မြင်နေရပါတယ်။လှမ်းကြည့်လိုက်တိုင်း စိတ်မသက်သာတဲ့ မြင်ကွင်း လို့ပဲ ပြောရ မယ်ထင်ပါတယ်။
 
အဆောက်အဦးဆောက်တဲ့ လုပ်ငန်းခွင်တွေမှာ ဆောင်းသင့်တဲ့ ဦးထုပ်မပါ၊ အသက်ကယ်ကြိုးလို့ခေါ် တဲ့အမြင့်တက်ရင် ကိုယ်ကိုသိုင်းပြီး တပ်ထားရတဲ့ကြိုးမျိုးတွေလည်း မတွေ့ရဘဲ ဒီအတိုင်း စွပ်ကျယ်အကျီာင်္၊ သရီးကွာတားဘောင်းဘီတိုနဲ့ အမြင့်တက်ပြီး အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို အမြင်တွေ့ရမြဲပါ။
 
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ Safety first ဆိုတဲ့ စာတမ်းတွေတော့ အကြီးကြီးကပ်ထား တပ်ထား ကြတာပါပဲ၊ ဒါပေမဲ့ စာတမ်းသာ ရှိပြီး လိုက်နာမှု မရှိတာတွေလည်း မြင်ရတွေ့ရပါတယ်။
 
တွေ့ရမြင်ရသလို အလုပ်ခွင်မှာ မတော်တဆမှုတွေနဲ့သေဆုံးသွားကြတဲ့ အရွယ်ကောင်း အမျိုးသားတွေ မနည်းလှဘူးဆိုတာလည်း ကြားနေရတာပါပဲ။
 
အဆောက်အဦးဆောက်ရင်တော့ လူရင်းရတာပါပဲ ဆိုတဲ့…စကားတွေ၊ အဆောက်အဦးဆောက်တိုင်း လူ တယောက်ယောက်တော့ရင်းရတာ ထုံးစံပဲ ဆိုတဲ့..စကားတွေကို ဘယ်လို လူမျိုးတွေက ပြော တတ်ကြ သလဲ၊
 
တနေ့လုပ်ခ ငွေ ကျပ် ၃ထောင်လောက်ရတဲ့ အလုပ်ကြမ်းသမားလေးဟာ  အထပ်မြင့်ကနေ ပြုတ်ကျခဲ့ရင် … တကယ်ပဲ တွေးကြည့်လိုက်ရင် အလုပ်သမားအများစုဟာ ခြေချော်လက်ချော်လို့ မတွေးရဲလောက်
 အောင်လုံခြုံမှု မဲ့စွာ အလုပ်လုပ်နေကြပါတယ်။
 
ကျမတို့မြန်မာပြည်က ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် လုပ်ငန်းခွင်တွေမှာ အသက်လုံခြုံရေး ကင်းမဲ့စွာနဲ့ အလုပ်လုပ်နေကြတာ၊ လုပ်ငန်းခွင်မှာ ခြေချော်လက်ချော်ဖြစ်ခဲ့လို့ အသက်ပေးခဲ့ရရင် အလုပ်ရှင်ထံက ရရှိတဲ့ သိန်းဂဏန်းဆိုတဲ့ ငွေကြေးထက် မပိုပါဘူး။
 
အဲဒီလို လုပ်ငန်းခွင်လုံခြုံရေး ကင်းမဲ့စွာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို မြင်ရတိုင်း ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ ဆိုတဲ့ မေးခွန်းကို မေးစရာမလိုလောက်အောင် အဖြေကရှိပြီးသားတွေပါ။
 
ဘယ်သူ့အပြစ်လဲဆိုတဲ့အတွေးတွေကတော့ ကျမတို့အတွက် ရိုးအီလှသော ခေါက်ရိုးကျိုးနေသော အတွေးဟောင်းတွေဖြစ်နေပါပြီ။
 
အပြစ်တင်တာထက် ပိုပြီး အကျိုးရှိမဲ့ နည်းလမ်းတွေကို ကျမတို့ စဉ်းစားသင့်ပြီ၊ အသုံးချသင့်ပြီလို့ ကိုယ့် ကိုယ်ကိုလည်း ဆုံးမရင်း ဒီလိုအခြေအနေတွေကနေ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကိုပဲ စဉ်းစား ရှာဖွေကြည့်ချင်ပါတယ်။
 
လုပ်ငန်းခွင်လုံခြုံရေး ကင်းမဲ့စွာ အလုပ်လုပ်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ကျမတို့ တိုင်းပြည်မှာ ဘယ်လောက်များများရှိသလဲ ဆိုတာကလည်း အဖြေသိပြီးသားဖြစ်လို့နေပါပြီ။
 
တလောတုန်းက အထည်ချုပ်စက်ရုံတွေ အပါအ၀င် အလုပ်ရုံတွေ စက်ရုံတွေမှာ အလုပ်သမားတွေ ဆန္ဒပြကြ ပါတယ်။ သူတို့တောင်းဆိုကြတဲ့အချက်အလက်တွေက လုပ်အားခတွေ၊ အချိန်ပိုကြေးတွေက အဓိကဖြစ်နေ တာလည်း သတိထားမိပါတယ်။
 
ဘယ်သူကမှ လုပ်ငန်းခွင်လုံခြုံရေးအတွက် တောင်းဆိုကြတာ မတွေ့ရပါဘူး။ တောင်းဆိုနေတဲ့ အလုပ် သမားတွေကို ဦးဆောင်ညှိုနှိုင်းပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားဝန်ကြီးဋ္ဌာနလိုမျိုး သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း လုပ်ငန်းခွင်လုံခြုံရေးနဲ့ပတ်သက်ပြီး အကြံပြုပေးတာမျိုး လမ်းညွှန်ပေးတာမျိုး လည်း မတွေ့ခဲ့ရပါဘူး။
 
လစာ(သို့မဟုတ်) ၀င်ငွေဟာ အလုပ်သမားတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်သလို၊ သူတို့နေ့စဉ်အလုပ် လုပ်နေရတဲ့ လုပ်ငန်းခွင်မှာ အသက်အန္တရာယ်ကင်းရှင်းရေ၊ ရောဂါဘယကင်းရှင်းရေး၊  ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကင်းရှင်းရေး စတဲ့ လုပ်ငန်းခွင် လုံခြုံရေးကလည်း အခြေခံလိုအပ်ချက်ပါပဲ။
 
လုပ်ငန်းခွင် လုံခြုံရေးက ဘ၀တလျှောက်လုံး တကယ်အရေးကြီးတယ်ဆိုတာကို  ဦးဆောင်သူတွေနဲ့ အုပ် ချုပ်သူတွေ နားလည်ကြရဲ့လား ဆိုတာကိုလည်း တဆက်တည်း တွေးမိလိုက်တာပါပဲ။
 
ကျမ ခင်ပွန်းရဲ့ ဖေဖေ၊(ကျမရဲ့ ယောက္ခမ)ဟာ လေတပ်ထဲကပါ၊ လေတပ်ထဲက လေယာဉ်ပြင်တဲ့ နေရာမှာ တာဝန်ထမ်းဆောင်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကစပြီးသက်ပြည့်ပင်စင်ယူသွားပါပြီ။ ပင်စင်လည်း ယူရော သူ့ရဲ့ နားနှစ်ဖက်စလုံးက ကောင်းကောင်းမကြားရတော့ပါဘူး။
 
သူ့လုပ်သက် နှစ် ၄၀ ကျော်အတွင်း လေယာဉ်စက်သံတွေကြားမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆူညံလေ့ရှိတဲ့ လုပ်ငန်းခွင်မှာ  Ear Plug မတပ်ဘဲ အလုပ်လုပ်ခဲ့ကြတဲ့အတွက် ပင်စင်လည်း ယူရော နားလည်း ပျက်ဆီးရောလို့ ပြောရမလိုပါပဲ။
 
ဒီလို အဖြစ်အပျက်မျိုးတွေနဲ့ ကျန်းမာရေး ထိခိုက်မှုတွေအကြောင်း ပြောရရင်တော့အများကြီး ဖြစ်နေမှာပါ။ 
 
ဆူညံသံတွေကြားမှာ အလုပ်လုပ်နေရတဲ့ သူတွေ၊ အထပ်မြင့်အဆောက်အဦးတွေနဲ့ အလုပ်လုပ်နေတဲ့ သူတွေ၊ ဆိုးဆေးတွေလို၊ အရက်ချက်စက်ရုံတွေလို၊ အိမ်သုတ်ဆေးတွေလို ဓါတုဗေဒဆေးရည်နဲ့ ပစ္စည်းတွေ ကို အသုံးပြုပြီး အလုပ်လုပ်နေကြရတဲ့ သူတွေ စတဲ့ လုပ်ငန်းခွင်အမျိုးမျိုးတွေ မှာ တွေ့ကြုံလာ ရနိုင်တဲ့ အန္တ ရာယ်တွေ၊ ကျန်းမာရေး ထိခိုက်လာနိုင်မှုတွေကို ကာကွယ်ရမယ်ဆိုတဲ့ အသိပညာပေးမှုလည်း ကျမတို့ တိုင်းပြည်မှာ မရှိပါဘူး။
 
နောက်ဆုံး အလုပ်သမားတွေကို လုပ်ငန်းခွင်အန္တရာယ်တွေ ကာကွယ်ဖို့အတွက် အခြေခံတကိုယ်ရေ ကာ ကွယ်ရေး အသုံး အဆောင်ပစ္စည်း(PPE- Personal Protective Equipment)တွေကို အလုပ်ရှင်က ပေးတာမျိုး လည်း မကြားဖူးလောက်အောင် နည်းပါးလှပါတယ်။
 
အလုပ်ရှင်တွေကို မဖြစ်မနေပေးရမယ်၊ အလုပ်သမားတွေကလည်း မဖြစ်မနေ ၀တ်ကို ၀တ်ရမယ်ဆိုတဲ့ အသိပညာပေးတာမျိုးလည်း မကြားဖူးသလို၊ ပြန်လည် စစ်ဆေးတာမျိုးလည်း မကြားဖူးခဲ့ပါဘူး။
 
မဖြစ်မနေ လုပ်ငန်းသုံးဦးထုပ်(hard hat, helmet)၊  ဦးထုပ်ဆောင်းရမယ် ၊ မဖြစ်မနေ လုပ်ငန်းသုံး ဘွတ်ဖိနပ် (Safety Shoe၊ Safety Boots)စီးရမယ်၊ မဖြစ်မနေ လုပ်ငန်းသုံးမျက်မှန်( Safety Goggles, Safety  Glasses) သုံးရမယ်၊ လုပ်ငန်းသုံး လက်အိတ်(Hand Gloves) သုံးရမယ်ဆိုတာမျိုးနဲ့ လုပ်ငန်းသုံး လက်ရှည်အကျီာင်္၊
ဘောင်းဘီရှည်( Long Sleeves, Long pants) ၀တ်စုံ ၀တ်ရမယ်ဆိုတဲ့ စည်းကမ်းတွေနဲ့ ၀တ်မ၀တ် စစ်ဆေးဖို့ လိုအပ်သလို၊ အလုပ်ရှင်တွေကိုလည်း အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ဖို့အတွက် PPE
တွေကို ထုတ်ပေးဖို့ လိုအပ်တယ်ဆိုတာကို  အလုပ်ရှင်ရော အလုပ်သမားတွေပါ  သိနားလည်ဖို့ လိုတာ ကို
တွေ့ရပါတယ်။
 
လွန်ခဲ့တဲ့ မေလပိုင်းတုန်းက ကျမ ရှမ်းပြည်ဘက်ကို ခရီးထွက်ခဲ့ပါတယ်၊ ရှမ်းပြည်ဘက်ကဂတ်စ် ပိုက်လိုင်း စီမံကိန်းလုပ်ငန်းခွင် တစ်ခုကို အမှတ်မထင်မြင်ခဲ့ရတယ်။
 
တရုတ်လုပ်သားတွေကိုတော့ လုပ်ငန်းခွင်သုံး ဦးထုပ်တွေနဲ့ ဖိနပ်တွေ၊၀တ်စုံတွေ နဲ့ ၀တ်ပြီးအလုပ် လုပ်နေ ကြတယ်၊ သုံးလေးငါးဦးခန့်သာရှိတဲ့  ကျမတို့တိုင်းရင်းသားတွေကတော့ ကျောပြောင်ပြောင်နဲ့ ဘောင်း ဘီတိုနဲ့ ခြေညှပ်ဖိနပ်နဲ့ အလုပ်လုပ်နေကြတာ တွေ့ရတယ်။
 
လုပ်ငန်းခွင်တခုတည်းမှာ အလုပ်လုပ်ကြတာချင်းအတူတူ သူတို့လုပ်သား သူတို့နိုင်ငံသားကိုတော့ လုပ် ငန်းခွင် လုံခြုံရေးအပြည့်အ၀ ပေးထားပြီး ကျမတို့မြန်မာနိုင်ငံသားတွေကိုတော့ လုံခြုံရေးလုံးဝ ပေးမ ထား ဘဲ ခိုင်းစေ ဆက်ဆံနေတာလို့ နားလည်လိုက်မိတယ်။
 
အဲဒီလို အလားတူးအခြေအနေမျိုး ပြသနာမျိုးတွေကို နိုင်ငံခြားသားလုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရင် ကြုံတွေ့ ရနိုင်ပါတယ်။ အဲဒါကြောင့် ကျမတို့ မြန်မာနိုင်ငံသားအလုပ်သမားတွေအတွက် ဥပဒေတွေ ခိုင်မာဖို့ လို အပ်တယ်လို့လည်းမြင်မိပါတယ်။
 
အထူးသဖြင့် မြန်မာပြည်မှာ လုပ်ငန်းခွင်လုံခြုံရေးနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ ဥပဒေတွေကို
သေသေချာချာ   ရေးဆွဲသင့်ပါပြီ။
 
ရေးဆွဲဖို့အခက်အခဲရှိရင်လည်း အမေရိကန်လို နိုင်ငံကြီးတွေမှာ ရေးဆွဲထားတဲ့ ဥပဒေကို အခကြေးငွေနဲ့ ၀ယ်ယူလို့ရကြောင်း ကြားသိရပါတယ်။
 
နောက်ဆုံးအဆင့် စင်ကာပူနိုင်ငံကဥပဒေကို ပြန်လေ့လာသင့်တာမျိုးနဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေ တဲ့   မြန်မာနိုင်ငံသားတွေရဲ့ အကူအညီကိုယူပြီး ရေးဆွဲတာမျိုးတွေလည်း ဆောင် ရွက်သင့်တယ်လို့မြင် မိပါတယ်။
 
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးသလို ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးကလည်း အရေး ကြီးလှပါတယ်။
 
ကျမတို့လို သာမန်ပြည်သူတွေကို အကာကွယ်ပေးဖို့အတွက်ကတော့  အစိုးရအဖွဲ့ကသာ ဆောင် ရွက်ပေးနိုင်ဆုံး လို့ မြင်မိပါတယ်။
 
မေသင်္ကြန်ဟိန်(မြစ်မခ)

0 မှတ်ချက်များ for "လုပ်ငန်းခွင် လုံခြုံရေးကို ဘယ်သူ တာဝန်ယူပါသလဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++