မတရားမှုကို ရဲရဲဝံ့ဝံ့ တိုင်ကြားပါ
ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အပြောင်းအလဲဖြစ် စဉ်တွေနဲ့အတူ
ပွင့်လင်းမြင်သာမှုတွေကို လည်း ဖော်ဆောင်နေတဲ့ ကာလဖြစ်တာနဲ့အညီ
ပြည်သူ လူထုအနေနဲ့ မတရားမှုတွေကို ရဲရဲတင်းတင်း ဖော်ထုတ်တိုင်ကြားကြဖို့
လိုအပ်နေပါပြီ။
အရင်တုန်းက ပုံစံအတိုင်း အကြောက်တရားလက်ကိုင်ထားပြီး မပြောရဲမဆိုရဲ
မတိုင်ရဲမကြားရဲ ဖြစ်နေရင်ဖြင့် မိမိတို့ရဲ့ အခွင့်အရေးနဲ့အကျိုးစီးပွား
နစ်နာဆုံးရှုံးစေရုံသာမက အာဏာနဲ့လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်နေ
သူတွေရဲ့ မတရား မှုလုပ်ရပ်တွေကိုလည်း ပိုပြီး အတင့်ရဲလာစေပါတယ်။
လက်ရှိအခြေအနေမှာ တိုင်ကြားဖို့ အခွင့်အရေးတွေ တိုးတက်ရရှိ နေတာ
တွေ့မြင်ရပါတယ်။
အထူးသဖြင့် အာဏာနဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသူတွေဟာ
ပြည်သူလူထုရဲ့ ဥပဒေကြောင်းအရ မသိ နားမလည်မှု ကို အခွင့်ကောင်းယူကာ
ခြိမ်းခြောက်လိမ်ညာ အနိုင်ကျင့်နေကြတာပါ။ ဒါကြောင့်မို့ မတရားမှုတခု
ရင်ဆိုင် ကြုံတွေ့ရပြီ ဆိုရင် ဖော်ထုတ်တိုင်ကြားနိုင်မယ့်နည်းလမ်းကို
သိအောင်လေ့လာပါ။ မိမိတိုင်ကြားရမယ့် ဌာနမှသက်ဆိုင်သူတချို့ထံမှာ
ချဉ်းကပ်လေ့လာလို့လည်း ရနိုင်ပါတယ်။ ဌာနတိုင်းမှာ မတရားမှုကျူးလွန်လိုသူတွေ
ရှိသလို အမှန်တရားပေါ်ပေါက်ဖို့ ကူ ညီလိုသူတွေလည်း ရှိနိုင်တာကို ကျနော့်
အတွေ့အကြုံအရ သိထားပါတယ်။
စစ်အစိုးရအုပ်ချုပ်သော ကာလပင်ဖြစ်လင့်ကစား အထောက်အထားအတိအကျ၊
ဥပဒေကြောင်းခိုင်ခိုင်လုံလုံနဲ့ တိုင်ကြား တဲ့အခါ အရေးယူအပြစ်ပေးခံရတာတွေ
ရှိခဲ့ပါတယ်။ တချို့တလေကျတော့လည်း တိုင်ကြားသူက ပြစ်မှုကျူးလွန်သူ ထက်
ပိုမိုပေါက်ရောက်တဲ့ လမ်းကြောင်းတွေကို ရွေးချယ်တိုင်ကြားနိုင်တဲ့
ဖြစ်ရပ်တွေလည်း ပါဝင်ပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် မတရားမှုကျူးလွန်သူတွေ
ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးခံရတာ တရားနည်းလမ်းကျပါတယ်။ ရေတပ်မှာဆို ရင်
ပြည်သူလုထုအပေါ် ရိုင်းပြစော်ကားမှု၊ ကာမလိမ်လည်ရယူမှု၊ ငွေကြေးလိမ်လည်မှုတွေ
အပါအဝင် မတရားမှု အ တော်များများကို ဖော်ထုတ်အရေးယူခဲ့ရတဲ့ သာဓကတွေ
အများအပြား ရှိပါတယ်။ အဲဒီအထဲကမှ နမူနာတခုကို ပြောပြ ချင်ပါတယ်…
၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်က ဗိုလ်တထောင်မြို့နယ်
လင်းစဒေါင်းလမ်းဆုံနားမှာရှိတဲ့ အမှတ်(၁) တပ်ထိန်းတပ် (ရေ) မှာ တပ်ထိန်း ၎
ဦးကို အရေးယူခဲ့ရတဲ့ ဖြစ်စဉ်တခု ပေါ်ပေါက်ခဲ့ပါတယ်။ တပ်ထိန်းတပ်ကြပ် ၂ ဦးနဲ့
စစ်သည် ၂ ဦး အရေးယူထောင်ချခံရတဲ့ ကိစ္စပါ။ တပ်ထိန်းရဲ့တာဝန်က
အရေးကြီးပုဂ္ဂိုလ် လုံခြုံရေး၊ တပ်တွင်းစစ်စည်းကမ်းထိန်းသိမ်း ရေးအပြင်
မှုခင်းစုံစမ်း စစ်ဆေးရေးနဲ့ စစ်ပြေးစစ်သည် ရှာဖွေဖမ်းဆီးရေးတွေလည်း
လုပ်ရတာဆိုတော့ တာဝန်နဲ့ လုပ်ပိုင် ခွင့်ကို ကျော်လွန်လုပ်ဆောင်မှုမျိုးတွေ
ဖြစ်ပေါ်တတ်ပါတယ်။
အဲဒီဖြစ်စဉ်မှာတုန်းက မိသားစုအမွေပြဿနာက အစပြုတာပါ။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းရပ် ၁၂၁ လမ်းမှာနေတဲ့
ကုလားလူမျိုးမိသားစုထဲမှာ အမွေခွဲဝေရေးကိစ္စ တဦးနဲ့တ ဦး မကျေမနပ်ဖြစ်တော့
မြောက်ဥက္ကလာပမှာနေထိုင်တဲ့ အကိုဖြစ်သူ တင်လှက ၁၂၁ လမ်း တိုက်ခန်း အမှတ်(..)
မှာ နေ ထိုင်တဲ့ သူ့ညီဖြစ်သူ ကံလှဟာ တပ်ပြေးတဦး ဖြစ်တဲ့အကြောင်း
သူနဲ့အိမ်နီးချင်း တပ်ထိန်း တပ်ကြပ်တဦးကို လက်တို့အ ကြောင်းကြား
လိုက်ပါတယ်။
ကံလှ ငယ်ငယ်က အိမ်မှထွက်ပြေးပြီး စစ်တပ်ထဲကို ဝင်ရောက်ခဲ့ရာမှာ
မန္တလေးနန်းတွင်းစစ်သားစုဆောင်းရေးဌာနချုပ်၌ ရှိနေစဉ်၊ သူကိုယ်တိုင်
လိုက်သွားပြီး စုဆောင်းရေးတာဝန်ခံအလစ်မှာ ခေါ်ထုတ်လာခဲ့ရတယ်လို့ တင်လှက
ပြောပြပါ တယ်။ နောက်ပြီး ခုချိန်မှာ ကံလှဟာ
နိုင်ငံခြားသင်္ဘောလိုက်နေသူဖြစ်ပြီး အဆင်ပြေနေကြောင်းကိုလည်း အရိပ်အမြွက်
ပြောသွားပါသေးတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် တပ်ပြေးသတင်းလက်ခံရပြီဆိုရင် အရင်ဆုံးမိခင်တပ်ကို
အကြောင်းကြားရမှာပါ။ ပြီးမှ သက်ဆိုင်ရာ နယ်မြေခံရဲစခန်း၊
ရပ်ကွက်အုပ်ချုပ်ရေးဌာနတို့နဲ့ ပူးတွဲစုံစမ်းဖော်ထုတ်ရမယ့်ကိစ္စ။ ဒါပေမဲ့
သတင်းလက်ခံရရှိတဲ့ တပ်ထိန်း တပ်ကြပ်က တပ်မှာရှိတဲ့ သူနဲ့လုပ်ဖော်ကိုင်ဘက်
တပ်ကြပ်တဦးကို အကြောင်းစုံပြော၊ နှစ်ကိုယ်ကြား ကြိတ်တိုင်ပင်ပြီး စစ်သည် ၂
ဦး ခေါ်ယူကာ တပ်ပြေးဖမ်းဆီးရေး စီမံချက်ကို အကောင်အထည်ဖော်ကြပါတယ်။
သူတို့အုပ်စု ည ၁၀ နာရီလောက်မှာ တက္ကစီတစီးငှားပြီး ၁၂၁ လမ်းရှိ
ကံလှနေထိုင်ရာအိမ်ကို သွားပါတယ်။ ကံလှ အိမ် ခန်းကိုရောက်တဲ့အခါ ခေါင်းဆောင်
တပ်ကြပ်က သူ့ကိုယ်သူ ထောက်လှမ်းရေးယောင်ယောင် ဘာယောင်ယောင် ပြော ဆိုပြီး
စစ်မေးစရာရှိလို့ သူတို့နဲ့အတူ ရုံးကိုခဏလိုက်ခဲ့ဖို့ ခေါ်ယူပါတော့တယ်။ ကံလှ
လည်း ဘုမသိမသိလိုက်လာပြီး တက္ကစီကားပေါ်ရောက်တဲ့အခါမှ
တပ်ပြေးမှုနဲ့ဖမ်းဆီးတာဖြစ်ကြောင်း သိရပါတယ်။
လူသွားလူလာပါးတဲ့ လမ်းတနေရာအရောက်မှာ ကားကိုရပ်ပြီး အဖမ်းမခံရဘို့အရေး
အပြင်းအထန် ဈေးဆစ်ကြပါတယ်။ တပ်ထိန်းအဖွဲ့က အဖမ်းမခံချင်ရင် ငွေ ၅
သိန်းပေးဖို့ တောင်းဆိုရာ ပထမပိုင်းမှာ ကံလှက ပေးဖို့ ငြင်းဆန်ခဲ့ပေမဲ့
နောက် ဆုံး သဘောတူလိုက်ပြီး လောလောဆယ်ပါလာတဲ့ ငွေတသိန်းကို အရင်ပေးအပ်ကာ
ကျန်ငွေ ၄ သိန်းကို အိမ်မှပြန်ယူ ပေးမယ့်အကြောင်း ညှိနှိုင်းအဆင်ပြေကြတယ်။
ကံလှအိမ်ပြန်ရောက်တော့ မနက် ၂ နာရီလောက်ဖြစ်နေပါပြီ။ မိသားစုတွေ
သူ့အတွက်စိတ်ပူပန်နေပြီး မအိပ်ဘဲ စောင့် ဆိုင်းနေကြပါတယ်။ ကံလှ
ပိုက်ဆံယူဖို့အလုပ်မှာ အစ်မဖြစ်သူက ဘာအတွက်ငွေယူမှာလဲ မေးမြန်းလို့
ဖြစ်စဉ်အကျဉ်း ချုပ်ကို ကံလှ ပြောပြလိုက်ပါတယ်။
ကံလှက လောလောဆယ်ပြဿနာအေးရင်ပြီးရော ဆိုတဲ့သဘောနဲ့
ငွေပေးဖို့ကြိုးစားပေမဲ့ သူ့အစ်မက ဒီလုပ်ရပ်ကို သ ဘောမတူပါ။ ဒါသက်သက်
အကြပ်ကိုင်ငွေညှစ်တာပဲလို့ ယူဆပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့ လုပ်ပါတယ်။
ကံလှ ကိုယ်တိုင်က သူ့အပြစ်သူ နောက်ကြောင်းမလုံတာကြောင့်
အမှုဖွင့်တိုင်တန်းဖို့ မဝံ့မရဲ ဖြစ်နေပေမဲ့ နောက်ဆုံးမှာ အစ်မစီမံရာကို
နာခံ လိုက်ပါတယ်။
ညတွင်းချင်းပဲ မင်္ဂလာတောင်ညွန့် ရဲစခန်းမှာ အကြောင်းစုံပြောပြပြီး
အမှုဖွင့်တိုင်ကြားလိုက်တဲ့အခါ သက်ဆိုင်ရာ စစ်ဒေ သရုံးကို အစီရင်ခံစာ
တက်သွားပါတယ်။ စုံစမ်းစစ်ဆေးရာမှာ ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထား
ခိုင် လုံတာမို့ တပ်ထိန်း ၄ ဦး အရေးယူခံရကာ ထောင်နန်းစံခဲ့ရပါတယ်။
တပ်ပြေးဖြစ်ခဲ့ဖူးသူ ကံလှနဲ့ပတ်သက်တဲ့ အချက်အ လက်တွေကို မှတ်တမ်းရုံးမှာ
စိစစ်ရှာဖွေတဲ့အခါ ဘာမှ တိတိကျကျ ရှာမရတော့လို့ အရေးယူမခံရပါ။
စစ်သည်တဦးဟာ အခြေခံစစ်သင်တန်း တက်ရောက်အောင်မြင်ပြီး
သင်တန်းဆင်းတဲ့နေ့မှာ နိုင်ငံတော်အလံကို လက်ဖြင့် ထိ၍
ကျမ်းသစ္စာကျိန်ဆိုပြီးမှ စစ်သားတဦး ပီပီသသဖြစ်သွားတာကို ကံလှတယောက်
မသိနားမလည်ခဲ့သဖြင့် တပ်ထိန်း တွေရဲ့ လိမ်ညာခြိမ်းခြောက်မှုကို
တုန်လှုပ်ခဲ့ရခြင်းသာဖြစ်ပါကြောင်း..။
လေးစားစွာဖြင့်…
နေမင်းသူ
၃-၆-၂၀၁၂


0 မှတ်ချက်များ for "မတရားမှုကို ရဲရဲဝံ့ဝံ့ တိုင်ကြားပါ"