လူ့အခွင့်အရေး ချိုးဖောက်မှု များအတွက် စစ်အစိုးရ ခေါင်းဆောင်များအား စုံစမ်း စစ်ဆေးရန် တောင်းဆို

ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ကျူးလွန်ခဲ့သော လူ့အခွင့် အရေး ချိုးဖောက်မှု များအတွက် နိုင်ငံတကာ ခုံရုံးက နအဖ စစ်အစိုးရအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နိုင် ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အနေနှင့် စီစဉ်ဆောင်ရွက် သင့်ကြောင်း ပထမ ဦးဆုံး ထုတ်ပြန်သည့် လွတ်လပ်သော ဘေးအန္တရာယ် ကူညီရေးဆိုင်ရာ စစ်တမ်း အစီရင်ခံစာ၌ ဖော်ပြ လိုက်သည်။

ယနေ့ ထုတ်ပြန်သော “နာဂစ်မုန်တိုင်းနောက်ဝယ် – မြစ်ဝကျွန်းပေါ်မှ အသံများ” အစီရင်ခံစာတွင် နအဖ စစ်အစိုးရ အနေနှင့် မုန်တိုင်း ဒုက္ခသည် များအတွက် ထောက်ပံ့သော ကယ်ဆယ်ရေး အကူအညီများကို ပိတ်ဆို့ခဲ့ခြင်းနှင့် အကူအညီ ပေးသူများအား ဖမ်းဆီးခဲ့ခြင်း တို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဆိုးဝါးဆုံး သဘာဝ ဘေးအန္တရာယ် နှင့်ပတ်သက်သည့် တိကျမှန်ကန်သော သတင်း အချက်အလက်များကို အလွန်အမင်း ထိန်းချုပ်ထားခဲ့ကြောင်း တင်ပြထားသည်။

ဂျွန်ဟော့(ပ်)ကင်း တက္ကသိုလ် ဘလုမ်းဘာ့(ဂ်) ပြည်သူ့ ကျန်းမာရေးကျောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေး ဌာန ဦးဆောင်ညွှန်ကြားရေးမှူး ပါမောက္ခ ခရစ်ဘေရာ၏ အဆိုအရ အစီရင်ခံစာတွင် ထည့်သွင်းထားသော တွေ့ရှိချက်များသည် ဘေးအန္တရာယ် ကူညီရေးဆိုင်ရာ ဖြစ်စဉ်အတွင်း ချိုးဖောက်ခဲ့သည့် နအဖ စစ်အစိုးရ၏ ကျူးလွန်မှု များအတွက် ကျယ်ပြန့်သည့် အထောက်အထားများဖြစ်ပြီး ယင်းကျူးလွန်မှုများသည် နိုင်ငံတကာ လူသားချင်းဆိုင်ရာ ကယ်ဆယ်ရေး အကူအညီ စံချိန်စံညွှန်းများနှင့် ဘေးအန္တရာယ် ကူညီရေးဆိုင်ရာ တရားဝင် လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်သည့်အပြင် အဆိုပါ ကျူးလွန်မှု များအတွင်း လူ့ရာဇ၀တ်မှုများပါ ပါဝင်နိုင်ကြောင်း သိရှိရသည်။

ဤ အစီရင်ခံစာ၌ နိုင်ငံတကာ ခုံရုံးက လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် စီစဉ် ဆောင်ရွက် ပေးသင့်ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား တောင်းဆိုထားသည်။
ဒေါက်တာဘေရာက ပြောသည်မှာ “မြန်မာစစ် အစိုးရဟာ မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ ပေးမှုတွေကို နှောင့်နှေးကြန့်ကြာ စေခဲ့တယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ မြေတွေကို သိမ်းယူခဲ့တယ်။ ပြီးတော့ ၎င်းရဲ့ ပြန်လည် တည်ဆောက်ရေး အစီအစဉ်တွေမှာ ကလေးငယ်တွေ အပါအ၀င် လူထုကို အဓမ္မ အလုပ်စေခိုင်းခဲ့တယ် စသည်ဖြင့် ဒီအစီရင်ခံစာမှာ ကျနော်တို့ ထောက်ပြ ထားပါတယ်။ တချိန်တည်းမှာလည်း စစ်အစိုးရက အကူအညီ ပေးမှုတွေကို ပိုပြီး ခက်ခဲအောင် လုပ်နေတဲ့ ကြားထဲကနေပြီး ဒုက္ခ ရောက်နေတဲ့ သူတွေဆီကို အကူအညီတွေ အချိန်နဲ့ တပြေးညီ ရောက်နိုင်အောင် အားထုတ် ကြိုးပမ်းခဲ့ကြတဲ့ သာမန် မြန်မာ ပြည်သူတွေရဲ့ လေးစား အသိအမှတ်ပြုဖွယ် စွမ်းရည်ကိုလည်း ကျနော်တို့ အစီရင်ခံစာထဲမှာ ဝေေ၀ဆာဆာ ဖော်ပြ ထားပါတယ်”

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလ၌ ကျရောက်ခဲ့သော ဘေးအန္တရာယ်ကြောင့် လူပေါင်း (၁၄၀၀၀၀) နီးပါး အသက် ဆုံးရှုံး ခဲ့ကြရပြီး လူဦးရေ ၃ ဒဿမ ၄ သန်းကျော် အတိ ဒုက္ခရောက် ခဲ့ကြရသည်။ မုန်တိုင်းဒဏ်သင့်သူ အများစုမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ဖြစ်ကြသည်။ ဤ အစီရင်ခံစာကို ၂၀၀၈ ခုနှစ် ဇွန်လနှင့် နိုဝင်ဘာလ အကြားတွင် ပြုလုပ်ခဲ့သော တသီးပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်သားများနှင့် မုန်တိုင်းအတွင်း အသက်ရှင် ကျန်ခဲ့သူ ၉၀ ဦးတို့နှင့် လူတွေ့ မေးမြန်းမှု များအပေါ်အခြေခံ၍ ပြုစု ခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာ၌ တည်ရှိနေဆဲဖြစ်သည့် မုန်တိုင်း ဒုက္ခသည် များအတွက် အခြေခံ လိုအပ်ချက် များဖြစ်သော အစားအစာ၊ ရေ နှင့် နေရာထိုင်ခင်း မလုံလောက်မှု အခြေအနေများ၊ အာဏာပိုင်များ ကယ်ဆယ်ရေး ပစ္စည်း အလွဲသုံးစားမှု၊ ခိုးယူမှု နှင့် ရောင်းချမှု အခြေအနေ များအပြင် အဓမ္မ နေရာရွှေ့ပြောင်းမှု အပါအ၀င် မုန်တိုင်း ဒုက္ခသည်များ အပေါ် ၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု များကိုပါ အသေးစိတ် ဖော်ပြထားသည်။

ဤအစီရင်ခံစာအား ဂျွန်ဟော့(ပ်)ကင်းတက္ကသိုလ် ဘလုမ်းဘာ့(ဂ်) ပြည်သူ့ ကျန်းမာရေးကျောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဌာန နှင့် မြန်မာနိုင်ငံတွင်းရှိ မုန်တိုင်း ဒဏ်ခံခဲ့ရသော ဒေသများမှ ပရဟိတ ကယ်ဆယ်ရေး လုပ်သားများဖြင့် လုပ်ငန်း ဆောင်ရွက် နေသော နယ်စပ်အခြေပြု လူမှုရေး အဖွဲ့တခုဖြစ်သည့် အရေးပေါ် ကူညီပေးရေး အဖွဲ့ (မြန်မာနိုင်ငံ) တို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။
အရေးပေါ် ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ ဥက္ကဌလည်းဖြစ် ထင်ရှားသည့် ပရဟိတ စေတနာရှင်လည်း ဖြစ်သူ ဒေါက်တာ စင်သီယာမောင်က နိုင်ငံတကာ မိသားစု အနေနှင့် မြစ်ဝကျွန်းပေါ် ဒေသသို့ နောက်ထပ် အကူအညီများ မပေးမီ ဒေသတွင်းရှိ ဖြစ်ရပ်မှန် အခြေအနေများကို အသေအချာ ပိုမို ပြန်လည် သုံးသပ်ရန် တောင်းဆိုလိုက်သည်။

 “လူမှု အခြပြု အဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ လုပ်ငန်း ဆောင်ရွက်နိုင်မှုဟာ ဒေသတွင်းမှာ ရေရှည်တည်တံ့မယ့် ပြန်လည် ထူထောင်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင် ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ဒုက္ခ ရောက်နေသူတွေကို အကူအညီ ပေးတဲ့အတွက် သူတို့ရဲ့ ဝေဒနာတွေကို သက်သာအောင် ဖေးမပေးတဲ့အတွက် အဖမ်းခံရတယ် ဆိုတာကတော့ အော့နှလုံးနာစရာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "လူ့အခွင့်အရေး ချိုးဖောက်မှု များအတွက် စစ်အစိုးရ ခေါင်းဆောင်များအား စုံစမ်း စစ်ဆေးရန် တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++