Pages

September 2, 2017

ရခိုင်ပြည် ကပ်ဘေးဒုက္ခကြီး ရှောင်ရှားနိုင်ရေး ကုလ အတွင်းရေးမှူးချုပ် သတိပေးတိုက်တွန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှု ဆိုင်ရာ ကပ်ဘေးဒုက္ခကြီး ရှောင်ရှားနိုင်ရေး မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းရေးမှာ အင်အားအလွန်အကျွံ အသုံးပြုတာကို ထိန်းချုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မနေ့ သောကြာနေ့က သတိပေးပြောဆိုလိုက်ပြီး ကုလသမဂ္ဂနဲ့ လက်အောက်ခံအေဂျင်စီ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ တိုးချဲ့ပေးနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖို့လည်း တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာမြန်မာလုံခြုံရေးတပ်တွေဟာ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်မှာ အင်အား အလွန်အကျွံ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အတွင်းရေးမှူးချုပ်အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ဒါအပြင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီးကို ရှောင်ရှားနိုင်ဖို့ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီး Eri Kaneko က တိုက်တွန်းပါတယ်။

ဒါအပြင် အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ပဋိပက္ခကြောင့် ဒုက္ခရောက်ကြသူတွေကို လိုအပ်တဲ့ အကူအညီပေးပြီး လုံခြုံရေးဆောင်ရွက်ပေးဖို့ အပြင် ကုလသမဂ္ဂအပါအ၀င် သူနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေဘက်က အသင့်ဖြစ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံတွေကို တိုးချဲ့ပေးနိုင်ဖို့ မြန်မာအစိုးရမှာ တာဝန်ရှိကြောင်း ထောက်ပြထားပါတယ်။

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတချို့အပါအ၀င် INGO/ NGO အဖွဲ့တွေကနေ အကြမ်းဖက် သမားတွေကို အကူအညီပေးခဲ့တယ်ဆိုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်တွေအပေါ်မှာ လူသားချင်းစာနာမှုဆိုင်ရာ မူတွေအတိုင်း လိုက်နာဆောင်ရွက်တာပါ။ အစားအစာ၊ ဆေးဝါးနဲ့ အကူအညီတွေလိုအပ်နေတဲ့ အရပ်သားတွေကိုပဲ ထောက်ပံ့ပေးနေခြင်းသာဖြစ်ပါတယ်။" လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ တုန့်ပြန်ပြောကြားပါတယ်။

ရခိုင်ပြည်အရေးနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုဖြစ်ပွားစေတဲ့ ရှုပ်ထွေးလှတဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းရာမှာ ဘက်ပေါင်းစုံ ပါဝင်ပြီးလက်တွေ့ကျတဲ့ ချဉ်းကပ်မှု အရေးတကြီးလိုအပ်နေကြောင်း လက်ရှိအခြေအနေက မီးမှောင်ထိုးပြနေတယ်လို့ အတွင်းရေးမှူးချုပ်ကသူရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ ဒါအပြင် ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက်အကောင်အထည်ဖေါ်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။

No comments:

Post a Comment