ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တောနှင့်
ရသေ့တောင်ဒေသရှိ အကြမ်းဖက်မှုများကိုကိုင်တွယ်ရန် အမျိုးသားလုံခြုံရေးနှင့်
ကာကွယ်ရေးကောင်စီ အစည်းအဝေး မခေါ်ခြင်းသည် သမ္မတ၏လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ဩဂုတ်လ ၃၁ ရက်နေ့၌ နေပြည်တော် လွှတ်တော် အဆောက်အအုံအတွင်း၌ ပြုလုပ်သော
သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ဦးဝင်းမြင့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ကာ/လုံ အစည်းအဝေးခေါ်ခြင်းသည် သမ္မတ၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
“ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ လုပ်ပိုင်ခွင့်မရှိဘူး။ ဘယ်သူ့မှလည်း
မရှိဘူး။ သမ္မတရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။ သမ္မတက လိုအပ်တဲ့အချိန်မှာ
ခေါ်ရမည်လို့ ရေးထားတာမဟုတ်ဘူး။ ခေါ်နိုင်မည်။ ခေါ်ရင်လည်းခေါ်မယ်။ မခေါ်ရင်လည်း
မခေါ်ဘူး”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။
ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၂၀၁ ၌ အမျိုးသားလုံခြုံရေးနှင့်
ကာကွယ်ရေးကောင်စီကို နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ (၁)၊ ဒုသမ္မတ (၂)၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေး၊
ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးစသည့် ၁၁ ဦးဖြင့်
ဖွဲ့စည်းထားသည်။
ဩဂုတ်လ ၂၉ ရက်နေ့၌ နေပြည်တော်ရှိ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ပြုလုပ်သည့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့်
သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်အောင်ရဲဝင်းက ရခိုင်ပြည်နယ်၌
ဖြစ်ပေါ်နေသော ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များကို လုံခြုံရေးအဖွဲ့များက ထိရောက်စွာ
ဖြေရှင်းဆောင်ရွက်နိုင် ရန်နှင့် ဒေသခံတိုင်းရင်းသားများကို လုံခြုံရေး
ပိုမိုပေးနိုင်ရန် ကာ/လုံ အစည်းအဝေးကို ခေါ်ယူသင့်ကြောင်း
ထုတ်ဖော်ပြောဆိုခဲ့သည်။
“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကာလုံ
အစည်းအဝေးကို ခေါ်ခဲ့ပါတယ်။ ခေါ်တဲ့အခါမှာလည်း ကျွန်တော် တို့က ဖြစ်တည်တဲ့
အနေအထား၊ ဖြစ်သင့်တဲ့ အနေအထား၊ ဖြစ်ချင်တဲ့ အနေအထား ဒီသုံးခုသာ
ဆွေးနွေးပါတယ်။ ဆုံးဖြတ်ချက်ချရမှာက သမ္မတက ဖြစ်ပါတယ်။ သာမန်အားဖြင့်
ကျွန်တော်တို့ ဖြစ်နေတဲ့ အနေအထားက လူမှုကွန်ရက်မှာရော၊ ပုံနှိပ်
မီဒီယာမှာရော ကျွန်တော်တို့အပေါ် မြင်နေတဲ့ သဘောထား က ကာလုံရဲ့ သဘောတရားက
တပ်မတော်က ခြောက်မဲပါတယ်။ အရပ်သားက ငါးမဲပါတယ်။ ကာ/လုံမှာ ခေါ်ပြီးတော့
ဆုံးဖြတ်မယ်ဆိုရင်တော့ တပ်မတော်က လုပ်ချင်တာ လုပ်မယ်ဆိုပြီး မြင်နေတာတွေ
အများကြီး ရှိပါတယ်။ ကျွန်တော်တို့ တင်ပြခဲ့သလိုပါပဲ။ ဘယ်လိုပဲ
ဆွေးနွေးဆွေးနွေး နောက်ဆုံး အဆုံးအဖြတ်က သမ္မတကြီးရဲ့ အဆုံးအဖြတ်သာ
ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် အောင်ရဲဝင်းက ဆက်လက် ပြောသည်။
Credit By -
The Voice

No comments:
Post a Comment