ငြိမ်းချမ်းရေးအတွက် ပူးတွဲကြေညာချက် UWSPနှင့် KNU ထုတ်ပြန်

ပဋိပက္ခတွေကို စစ်ရေးနည်းနဲ့  ဖြေရှင်းတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ပျက်စီးစေတဲ့ အတွက် လုံးဝဆန့်ကျင်တဲ့အကြောင်း ၀ ပြည်သွေး စည်း ညီညွတ်ရေးပါတီ (UWSP )နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU ) တို့က ပူးတွဲကြေညာချက်  ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရတပ်က
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်
မြောက်ပိုင်းမှာ
ကချင်၊ တအန်း(ပလောင်)၊ ရှမ်း တပ်မတော်(မြောက်) တို့ ကို ထိုးစစ်ဆင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်မှာ UWSP နဲ့ KNU  တို့က ဧပြီ ၂၆ ရက်နေ့က အခုလို ပူးတွဲ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လူမျိုးများအကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ အပြန်အလှန်ဆွေးနွေး တာ၊ တန်းတူညီတူ ညှိနှိုင်းဆောင်ရွက်တာနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းတွေနဲ့ ဆောင်ရွက်သွားဖို့ သဘောတူတယ် လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးများနဲ့ စုပေါင်းဖွဲ့စည်း ထူထောင်ထားပေမယ့်လည်း လူမျိုးရေးခွဲခြားမှု နဲ့ နိုင်ငံရေး တန်းတူညီမျှမှုမရှိခြင်းကြောင့် ကာလကြာ ပြည်တွင်း ပဋိပက္ခ ဖြစ်ပွားစေတဲ့ အကြောင်းရင်း တရပ်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။

 ဒီပူးတွဲထုတ်ပြန်ချက်ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ UWSP ဒုတိယ အထွေထွေ အတွင်းရေးမှူး ဦးလျောက်မင်းလျှံတို့  ပူးတွဲလက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။
 
စစ်ရေးနည်းနဲ့ လက်နက်နဲ့ ပြဿနာ ဖြေရှင်းတာကို ဆန့်ကျင်တယ်ဆိုတာ ကျနော်တို့ အကြောင်းအရင်းနဲ့ သမိုင်းနောက်ခံလည်း ရှိတယ်။ ကျနော်တို့က ၂၅ နှစ် တင်းတင်းလည်း ရှိလာပြီဆိုတော့ အခုတချို့ ငြိမ်းချမ်းရေး လက်မှတ်တွေလည်း ထိုးထားတယ်။ ဒီကိစ္စ ဟိုကိစ္စလေး နည်းနည်းကြောင့် ဖြစ်လာတဲ့ ကိစ္စလေးတွေကြောင့် ဒီလို သဘောထားကို ထုတ်ပြန်တာ ဖြစ်ပါတယ်လို့  UWSP ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့် က  ပြောပါတယ်။
 
ဧပြီ ၂၆ ရက်နေ့က ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ ၀ပြည်သွေးစည်းညီ ညွတ်ရေးပါတီ ခေါင်းဆောင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေ တွေ့ဆုံ ညှိနှိုင်းပွဲမှာ
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လိုအပ်တဲ့အချက် အလက်
တွေကို ပြုပြင်ပြောင်းလဲ ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူညီခဲ့သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ် တည်ဆောက်ရန် တောင်းဆိုချက်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။
 

0 မှတ်ချက်များ for "ငြိမ်းချမ်းရေးအတွက် ပူးတွဲကြေညာချက် UWSPနှင့် KNU ထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++