စစ်ဆင်ရေးကြောင့် သဘောတူချက်များ ပျက်ပြယ် သွားနိုင်သည်ဟု UNFC သတိပေး

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေစဉ် ကချင်
ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကို  စစ်ရေးအရ မဟာဗျူ ဟာမြောက် အစိုးရစစ်တပ် ထိုးစစ်ဆင်နေမှုတဲ့အပေါ်  ပြင်းထန်စွာ ကန့်ကွက်
ကြောင်းနှင့် ရရှိထားသည့် နှစ်ဘက် သဘောတူ ညီချက်ကို ပျက်စီးသွားမှာကို စိုးရိမ်၍ သတိပေး ကြညာချက်တစ်စောင်ကို တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ထုတ်ပြန် လိုက်ပါတယ်။ 

ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ကြီးမားသော မဟာဗျူဟာမြောက် စစ်ဆင်ရေးကြီး အသွင်ဆောင်နေကြောင်း UNFC ၏ ဧပြီ ၂၃ ရက်က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အစိုးရစစ်တပ်၏ လုပ်ရပ်သည် မလုပ်သင့်၊ မလုပ်ထိုက်သော ကိစ္စဖြစ်ရုံမက လက်ရှိ ရရှိထားသည့် ယုံကြည်မှု၊ နားလည်မှု နှင့် နှစ်ဘက် သဘောတူညီထားသည့် အဆင့်တိုင်းကို တစစီ ပြန်လည် ချေဖျက် သကဲ့သို့ ဖြစ်သွားမည်ကိုလည်း သတိပေးလိုကြောင်းလည်း UNFC ကြေညာချက်တွင် ပါရှိသည်။

အစိုးရစစ်တပ်အနေဖြင့် ထိုးစစ်များရပ်တန့်ပြီး ဖြန့်ကျက် နေရာယူထားသည့်တပ်များ ရုပ်သိမ်းပေးရန်လည်း UNFC က တောင်းဆိုပြီး  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူ၍ နိုင်ငံရေး ဆွေးနွေး ပွဲများကျင်းပရန်၊ ထိုဆွေးနွေးပွဲများမှ နိုင်ငံရေးသဘောတူညီချက်များရယူပြီး ရေရှည်တည်တံ့၍ ဂုဏ်သိက္ခာ ရှိသော အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် UNFC က တိုက်တွန်းလိုက်သည်။

KIA ၊ TNLA ၊ SSA-N တပ်များကို ချေမှုန်းရန် ဦးတည်တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည်များစွာ
နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ၀င် “စစ်ရာဇ၀တ်မှု” ကျူးလွန်မှုများအား နေ့စဉ်ကြားသိ နေရကြောင်း၊ ထိုအခြေအနေများကို UNFC က စိုးရိမ်မကင်း ဖြစ်ရပြီး စိတ်မချမ်းမသာလည်း ဖြစ်ရကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

အစိုးရစစ်တပ်က KIA နှင့် TNLA တို့ကို ထိုးစစ်ဆင်နေခြင်းသည် အပစ်အခတ်ရပ်စဲရေးလက်မှတ်
ရေးထိုးရန် ဖိအားပေးလိုသည့်သဘောဖြစ်ပြီး စစ်ဆင်ရေးကြောင့် ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်နိုင်နိုင်သလို ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုလည်း ပျက်သွားနိုင်သည်ဟု တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
 
စစ်ရေးအရ ဖိအားပေးလာပါက လက်မှတ်ထိုးမည် မဟုတ်ကြောင်း အမေရိကန်မှာရှိတဲ့ ကချင်တိုင်းရင်း သားများနှင့်တွေ့ဆုံစဉ် KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောဆိုထားသည်။

အစိုးရတပ် ထိုးစစ်လာတာကြောင့် KIA ထိန်းချုပ်ရာ ဒေသမှာ ဧပြီ ၁၀ ရက်မှစတင်၍ သီတင်းပတ် တပတ်ကြာ တိုက်ပွဲများဖြစ်ပွား နှစ်ဘက်စလုံး ထိခိုက်မှု ရှိခဲ့ကြသလို  ရှမ်းပြည်နယ် နမ့်ခမ်း၊ ကျောက်မဲ ဘက်မှာ ထိုးစစ်ဆင်လာတဲ့ အစိုးရစစ်တပ်များနှင့် ဒေသခံ TNLA တပ်တို့ကြား ဧပြီ ၂၀၊ ၂၁၊ ၂၃ ရက် ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

0 မှတ်ချက်များ for "စစ်ဆင်ရေးကြောင့် သဘောတူချက်များ ပျက်ပြယ် သွားနိုင်သည်ဟု UNFC သတိပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++