ဖက်ဒရယ်မရမချင်း လက်နက်ကိုင်တော် လှန်ရေး ဆက်ဆင်နွဲမည် ဟု SSPP/SSA ပြော
အမျိုးသားများ တန်းတူညီမှုမှုရှိတဲ့ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် တော်လှန်ရေး လက်နက်ကိုင် လမ်းစဉ် ဆက်သွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(မြောက်) SSPP/SSA ပါတီခေါင်းဆောင်တွေက ပြောသည်။
ရှမ်းပြည်သူတရပ်လုံး လိုးလားတောင့်တတဲ့ အမျိုးသားများ တန်းတူရည်တူအခွင့်အရေး တကယ်ဖော်
ဆောင်ပေးနိုင်တဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်တောင်စုကြီး မဖြစ်လာမချင်း လက်နက်ကိုင်တော်လှန်ရေး
ဆက်လုပ်မည်ဟု ဒီကနေ့ ၀မ်ဟိုင်းဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည် တပ်မတော် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား အဖွင့်မိန့်ခွန်းမှာ နယကကြီး ဗိုလ်ချုပ်ဆေးထင်က ပြောကြားသည်။
ပင်လုံစာချုပ်သဘောတူညီချက်ကို မကျင့်သုံးခဲ့ဘဲ အမျိုးသားများ တန်းတူအခွင့်အရေးများ ဆုံးရှုံးခဲ့၍ ရှမ်းအမျိုးသားလက်နက်စွဲကိုင် တော်လှန်ရေး တပ်ဖွဲ့ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားပြီး သမိုင်း အမှန်ကို မမေ့ဖို့ ၊ သမိုင်းပေးတာဝန်ကို ကျေပွန်ဖို့ အရာရှိအရာခံစစ်သည်တွေကို တိုက်တွန်း
ပြောဆိုသည်။
ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ပန်ဖ ကလည်း အခက်အခဲအမျိုးမျိုးကြားက မိဘပြည်သူတွေရဲ့ အားပေးထောက်ခံ မှုတွေကြောင့် နှစ် ၅၀ တိုင် ရှမ်းပြည် တပ်မတော် တော်လှန်ရေးခရီး လျှောက်လှမ်းနိုင်တာဖြစ်ကြောင်း အဖွင့်ပွဲ အခမ်းအနားမှာ ပြောကြာသည်။
အခမ်းအနားတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းလူမှုအဖွဲ့အစည်း ကိုယ်စား လှယ်များနှင့် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံ ၃ ထောင်ကျော် တက်ရောက်သည်။
0 မှတ်ချက်များ for "ဖက်ဒရယ်မရမချင်း လက်နက်ကိုင်တော် လှန်ရေး ဆက်ဆင်နွဲမည် ဟု SSPP/SSA ပြော"