Pages

April 18, 2014

ကချင်ကိုထိုးစစ် တိုက်ခိုက်နေ၍ အပစ်အခတ် ရပ်စဲရေး အစီအစဉ် ထိခိုက်နိုင်

အစိုးရတပ်အနေနဲ့ ကချင်ပြည်နယ်ကို ထိုးစစ် ဆင်နေခြင်းကြောင့် လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား လုပ်ဆောင်နေတဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲ နိုင်ရေး ထိခိုက်နိုင် တယ်လို့ တိုင်းရင်းသားအဖွဲ့တွေက သတိပေးပြော ဆို လိုက်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ အကြား ယုံကြည်မှု တည်ဆောက်ပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးကြိုးပမ်းနေတဲ့အချိန်မှာ အစိုးရ တပ်အနေနဲ့ ကချင်ပြည်နယ်ကို ထိုးစစ်ဆင်တာ ဟာ လက်ရှိ တည်ဆောက်နေတဲ့ ယုံကြည်မှုတွေကို ထိခိုက်စေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူ ဦးနိုင်ဟံသာ က အခုလို ပြောပါတယ်။

“အဲဒါကတော့ ယုံကြည်မှုတွေ လျော့ကျသွားတာပေါ့။ တဖက်က နားလည်မှု ရဖို့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ဖို့ တဖက်က နိုင်ငံရေးဆွေးနွေးဖို့ နားလည်မှုတွေ တည်ဆောက်နေတဲ့ ကာလမှာ အခုလို တဖက်က ထိုးစစ်တွေ ဆင်နေတဲ့ အနေအထားကတော့ ဒါက ယုံကြည်မှုကို အများကြီး ထိခိုက်နိုင်တယ် လို့ မြင်တယ်လေ။ တဖက်ကတော့ တွေ့ဆုံ ဆွေးနွေးရေးကို ထိန်းနိုင်သလောက် ထိန်းသွားမှာပါ။”

တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုကွယ်ထူးဝင်းကလည်း တပြည်လုံး အပစ်ခတ် ရပ်နိုင်ရေး လုပ်ဆောင်နေ တဲ့အချိန်မှာ တိုက်ပွဲဖြစ်တာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့ ကြိုးစားနေချိန်မှာ တိုက်ပွဲဖြစ်နေတာ မဖြစ်သင့် ဘူးပေါ့။
နိုင်ငံရေးအရ အဖြေရှာရမယ့်အချိန်မှာ ဒါက တိုင်းရင်းသားတွေအတွက် အနှောင့် အယှက်တော့ ဖြစ် တာပေါ့နော်။ တဖက်ကလည်း ကျနော်တို့ ကြိုးစားနေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်မယ် ဆိုလို့ရှိရင်လည်း ဒီတိုက်ပွဲတွေကို ပိုပြီးတော့ ဟန့်တားနိုင်မယ့် အနေအထား ရှိမလားလို့ ကျနော်တို့ ဘက် က မြင်တာတော့ ရှိတာပေါ့။”

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ၊ တပ်မတော် ကကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ၄ ရက် ကြာ တွေ့ဆုံပြီးတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြရာမှာ နောက်ဆုံး သဘော တူညီချက် ပထမမူကြမ်းကို ရရှိခဲ့ကြပါတယ်။

ဒီမူကြမ်းကို သဘောတူညီချက် ရရှိပြီးခဲ့တဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်တွေ လာမယ့် မေလမှာ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ကြပါတယ်။

တိုင်းရင်းသားအဖွဲ့ပေါင်းဆုံ အပစ်ခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲအပြီးမှာ ကချင်ပြည်နယ်နဲ့ ရှမ်ပြည်နယ် အတွင်း ကေအိုင်အိုထိန်းချုပ်နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး ထောင်ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။___ဒီဗွီဘီ

No comments:

Post a Comment