ရုရှားလိုလားသူတွေကို အရေးယူမှု ပြန်လည် စတင်ဖို့ ယူကရိန်းစ်တပ်ကို သမ္မတ တောင်းဆို
ယူကရိန်းအရှေ့ပိုင်း ရုရှားလိုလားသူ လက်နက်ကိုင်တွေ အပေါ် စစ်ရေးအရ အရေးယူမှု ပြန်လည် စတင်ဖို့ ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov က ယူကရိန်း စစ်တပ်ကို တောင်းဆို လိုက်ပါတယ်။
ရုရှားရဲ့ နောက်ကွယ်က ထောက်ပံ့ကူညီမှုကို ရယူထားကြတဲ့ အကြမ်းဖက်သမားတွေဟာ Donetsk တစ်နယ်လုံးကို သိမ်းပိုက်ထားကြတယ်လို့လည်း မစ္စတာ တူချီနော့ဗ်က ပြောခဲ့ပါတယ်။
ရုရှားလိုလားသူ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ Sloviansk မြို့ရဲ့ အပြင်မှာ မစ္စတာတူချီနော့ဗ်ရဲ့ ပါတီဝင်တစ်ဦးအပါအဝင် ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခံထားရတဲ့ လူ သေ ၂ လောင်း တွေ့ရ တယ်လို့ လည်း ကြေညာခဲ့ပါတယ်။
အစောပိုင်းကလည်း Kramatorsk မြို့က ရဲဋ္ဌဌာနချုပ်ကို ရုရှားလိုလားသူတွေ ဝင်ရောက်စီးနင်းခဲ့ပြီး အဲ့ဒီ့က အကြီးဆုံး ရဲအရာရှိကို ဖမ်းဆီး ခေါ်ဆောင်သွားကြပါတယ်။
ဒီအချိန်မှာပဲ ယူကရိန်းနိုင်ငံ မြိုတော် ကီးယက်ဗ်ကို ရောက်ရှိနေတဲ့ အမေရိကန် ဒုသမ္မတ Joe Biden က၊ ယူကရိန်း အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ရာ ရုရှားအနေနဲ့ အပြောလျှော့ပြီး အလုပ်နဲ့ သက်သေပြဖို့ အချိန်တန်ပြီလို့ ပြောဆို လိုက်ပါတယ်။
ယူကရိန်း အရှေ့ပိုင်းနယ်တွေမှာ မငြိမ်မသက် ဖြစ်ပေါ်နေတာရဲ့ အဓိက လက်သည်တွေ ဖြစ်တဲ့ တံဆိပ် မပါတဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ထားကြပြီး မျက်နှာဖုံးစွပ်ထားကြတဲ့ သူတွေအပေါ် ထောက်ပံ့အားပေးနေ တာတွေကို ရပ်တန့်ပါတော့ ဆိုပြီးတော့လည်း ရုရှားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဒီလို အမေရိကန် ဒုသမ္မတယူကရိန်းကို လာရောက်တာဟာ လက်ရှိ ယူကရိန်း ယာယီအစိုးရကို အမေရိကန်က ထောက်ခံအားပေးကြောင်း ဖော်ပြဖို့ရာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "ရုရှားလိုလားသူတွေကို အရေးယူမှု ပြန်လည် စတင်ဖို့ ယူကရိန်းစ်တပ်ကို သမ္မတ တောင်းဆို"