နိုင်ငံသားတန်းတူ အခွင့်အရေး ပေး မည်ဟု ထိုင်းနှင့် မလေးရှား ကတိပေး

ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် ရောက်ရှိနေ သည့် မြန်မာ အလုပ်သမားများ အနည်းဆုံးလုပ်ခ သတ်မှတ်ရေး ရရှိရေးအပြင် အဆိုပါ နိုင်ငံသားများ နည်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှားအစိုးရတို့က ကတိပေးကြောင်း အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

မြန်မာအလုပ်သမားများအရေး ကိစ္စနှင့် ပတ်သက် ၍ မေလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ အဆိုပါ နိုင်ငံများ သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ရန်ကုန်မြို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အနည်းဆုံး သတ်မှတ်ထားသည့် လုပ်အားခ မရရှိမှုအပြင် အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည့် အလုပ် သမား ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံရှိ လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် တိုင်ကြားနိုင်ပြီး ယင်းသို့ တိုင်ကြားပါက သက်ဆိုင်ရာ နိုင်ငံအစိုးရကို တင်ပြကာ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဦးထင်အောင်က ဆိုသည်။

“သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံစလုံးက ကတိပေး တယ်” ဟု ၎င်းက ရှင်းပြသည်။

မလေးရှားနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံ တွင် အလုပ်သမား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်တစ်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ယင်းနိုင်ငံ များရှိ စက်ရုံများသို့ သွားရောက်ကာ မြန်မာလုပ်သားများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သားများ အကြမ်းဖက် ခံရမှုမျိုး ထပ်မံ မဖြစ်ပွားအောင် လုပ်ဆောင်ပေးမည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ကတိပေးခဲ့ပြီး မလေးရှား ပြည် ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် မြန်မာအလုပ်သမား သံအရာရှိတို့ အနည်းဆုံး တစ်လတစ်ကြိမ် တွေ့ ဆုံ
ဆွေးနွေးရန်လည်း သဘောတူညီမှု ရရှိခဲ့ကြောင်း ဦးထင်အောင်က ပြောကြားသည်။

ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် သတ်မှတ်ထားသည့် အနည်းဆုံး လုပ်အားခ မရရှိခြင်း၊ လုပ်အား ခေါင်း ပုံဖြတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း မြန်မာလုပ်သားများထံမှ သိရှိရသည်။ မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် သုံးသန်းဝန်းကျင် ရှိပြီး မလေးရှားနိုင်ငံတွင် နှစ်သိန်း ငါးသောင်း ဝန်းကျင်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။___တဗွိုင့်

0 မှတ်ချက်များ for "နိုင်ငံသားတန်းတူ အခွင့်အရေး ပေး မည်ဟု ထိုင်းနှင့် မလေးရှား ကတိပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++